သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရာထူး အတွက် မျှော်လင့်ချက်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒီကနေ့ စတင်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒီကနေ့ စတင်။

လွှတ်တော် အမတ်အသစ်တွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့လွှတ်တော်မှာတော့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စတွေကို အရင်ကထက် ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာနေပါတယ်။ လွှတ်တော် ၂ ရပ်စလုံးကို ကြီးစိုးပြီး အစိုးရသစ်လည်း ဖွဲ့စည်းဖို့ ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အမတ်တွေရော တိုင်းရင်းသား ပါတီ တချို့က လွှတ်တော် ကိုယ်စားလှယ်တွေကပါ သမ္မတသစ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို လိုလားချက်ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ မျှော်လင့်ချက် လိုလားချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသူတွေနဲ့ ဒီကနေ့ စတင်လိုက်တဲ့ ပြည်သူ့လွှတ်တော်မှာတော့ ပင်နီဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေး ခန်းမကြီးရဲ့ သုံးပုံ ၂ ပုံကို နေရာယူထားပြီး တဖက်မှာတော့ အစိမ်းရောင် တပ်မတော် ယူနီဖောင်း အသစ်တွေ ဝတ်ထားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေကြပါတယ်။ လွှတ်တော် အခင်းအကျင်းသစ်မှာ လွှတ်တော်အမတ်အသစ်တွေရော ဒီကနေ့ သတင်းထောက်တွေကြားမှာပါ သမ္မတ ဘယ်သူဖြစ်လာမလဲ ဆိုတာက အကြီးကျယ်ဆုံး မေးခွန်း ဖြစ်ခဲ့ပါတယ်။

တပ်မတော်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ သမ္မတ ဖြစ်ခွင့် ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရ အဖွဲ့ကို ဦးစီးစေချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် ပိုပြီး အကျိုးရှိလာစေမယ်လို့ မျှော်လင့်နေသူကတော့ လီဆူး အမျိုးသား တိုးတက်ရေးပါတီရဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ် ဦးလာမားလေး ဖြစ်ပါတယ်။

“ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားများ ပေါ့နော်၊ ကျနော်တို့ NLD ပါတီ နဲ့လည်းအဆင်ပြေမယ့် သမ္မတ၊ အဓိကတော့ ဒီ စစ်တပ်နဲ့ အဆင်ပြေမယ့် သမ္မတ ၊ ၂ ခုစလုံးနဲ့ အဆင်ပြေတဲ့သမ္မတ ဖြစ်စေချင်တယ်။ ကျနော့်ဆန္ဒအရပြောမယ်ဆိုရင် ။ ကျနော်တို့အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒေါ်စု သမ္မတ ဖြစ်တာ အကောင်းဆုံးပါပဲ။ ကျနော်တို့လည်း ကျနော်ကိုယ်တိုင်ပေါ့နော်၊ ကျနော့် personal ဆိုရင် ဒေါ်စုကို သဘောကျတယ်။”

NLD လွှတ်တော် အမတ်တွေကြားမှာတော့ သမ္မတ ဖြစ်သင့်သူဟာ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြည်သူ့လွှတ်တော် အမတ် ဒေါ်သက်သက်ခိုင်က အခုလို ပြောပါတယ်။

“ဒါက ပြည်သူ့ ဆန္ဒပါ။ နောက် သူမသာ နိုင်ငံတော် သမ္မတ အဖြစ် အသင့်လျော်ဆုံး ဖြစ်ပါတယ်။”

အကူးအပြောင်းကာလ အကဲဆတ်မှုကြောင့်ဆိုပြီး အစိုးရဖွဲ့စည်းမယ့် NLD က အစိုးရ အဖွဲ့၊ နောက် သမ္မတ လျာထားချက်ကို အခုချိန်ထိ ထုတ်ဖော်မပြောဆိုနိုင်သေးပါဘူး။ ဒီအချိန်မှာဘဲ သမ္မတ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီး ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဧည့်သည်တော် အဖြစ် တက်ရောက်လာတဲ့ ဦးထင်ကျော်ကိုလည်း သတင်းထောက်တွေကအလွတ်မပေးခဲ့ကြပါဘူး။

“အန်ကယ်က မဟုတ်ဘူး။ အန်ကယ်က ဒါပြောလို့မဖြစ်ပါဘူး။”

ဆယ်စုနှစ်တွေနဲ့ချီပြီး ဖိနှိပ်မှုတွေကြားက ရပ်တည်လာခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အခုလို လွှတ်တော်ကို ကြီးစိုးလာမယ်ဆိုတာဟာ မယုံကြည်နိုင်စရာ ဖြစ်နေဆဲပါလို့ NLD ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“စိတ်ခံစားချက်ကတော့ ကျတော်တို့ကတော့ အိမ်မက်လိုပဲဗျာ။ ကျနော်တို့ အစိုးရဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထားဘူး။ တိုင်းသူပြည်သားလည်းမထင်ထားဘူး။ အခုကတော့ ကျနော်တို့ တက်လာတဲ့အတွက် မြန်မာပြည်ကြီးမှာ မကဘူး ကမ္ဘာကြီးမှာ သိမ့်သိမ့်တုန်နေပြီလို့ ထင်ပါတယ်။”

ဒါ့အပြင် အရင်က အငြိမ်းစား တပ်မတော်သားတွေ အများစု ကြီးစိုးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထက် အခု ရွေးကောက်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ စတင်မယ့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်က ဥပဒေပြုရေးကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့လည်း NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က မျှော်လင့်နေပါတယ်။

“အခု လွှတ်တော်က အရင်လွှတ်တော်ထက် ပိုပြီး သာလွန်မယ်။ ပိုပြီး အလုပ်လုပ်နိုင်မယ်။ အကောင်းဆုံးတွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်”လို့ ဦးနေမျိုးထက် ပြောသွားတာ ဖြစ်ပါတယ်။

အခု လွှတ်တော် အခင်းအကျင်းက ပိုပြီး လုပ်ကိုင်ခွင့် ရမယ်လို့ မျှော်လင့်နေကြသူတွေထဲမှာ NLD ကိုယ်စားလှယ်တွေတင် မဟုတ်ပါဘူး။ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေမှာလည်း ဒီမျှော်လင့်ချက် ရှိနေပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် တဦး ဖြစ်တဲ့ ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။

“အရမ်းကျေနပ်တယ်။ ကိုယ့်ကို ယုံကြည်မှုအပြည့်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ excited လည်းဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် တကယ်ပဲ ရည်မှန်းချက် ၊ ရည်မှန်းထားတဲ့ အကြောင်းအရာတွေကို တကယ်လုပ်နိုင်ပြီ၊ စတင်လုပ်ဆောင်နိုင်ပြီ ဆိုတဲ့အတွက်ကြောင့်တကယ်ပဲ ကျေနပ်တယ်ပေါ့နော်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ တနလာၤနေ့မှာ ပဲ ပြည်သူ့လွှတ်တော် ကို စတင်လိုက်ပြီး လွှတ်တော် ဥက္ကဌသစ်တွေကို တင်မြှောက်ခဲ့ကြပါတယ်။ လွှတ်တော်ဟောင်းရဲ့ ဥက္ကဌ သူရ ဦးရွှေမန်းကလည်း သူ့ရဲ့ လွှတ်တော် ဥက္ကဌ အခန်းနဲ့ လွှတ်တော်ဆိုင်ရာ စာရွက်စာတန်းတွေကို လွှတ်တော်သစ်ရဲ့ ဥက္ကဌ ဦးဝင်းမြင့်ကို တရားဝင် လွှဲပြောင်းပေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် စတင်ဖွင့်လှစ်တဲ့ အခမ်းအနားနဲ့ လွှတ်တော် အမတ်တွေ ကျမ်းကျိန်ပွဲကိုတော့ အရင် လွှတ်တော်အမတ်ဟောင်းတွေ၊ NLD ပါတီက ခေါင်းဆောင်မှုပိုင်းနဲ့ ဖိတ်ကြားထားသူတွေ၊ နိုင်ငံခြား သံတမန်တွေ တက်ရောက်ခဲ့ကြပြီး လက်ရှိ အစိုးရဘက်ကတော့ တက်ရောက်လာတာကို မတွေ့ရပါဘူး။

XS
SM
MD
LG