သုံးရလွယ်ကူစေသည့် Link များ

ကျောင်းသားတွေ လွတ်မြောက်ရေး အစိုးရသစ်ပေါ် မူတည်


သမ္မတသစ် ဦးထင်ကျော်နဲ့ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်။ (မတ် ၁၅၊ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အရပ်သားအစိုးရလက်ထက်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ အလားအလာ အပြည့်ရှိကြောင်း ဥပဒေပညာရှင်တွေ က ပြောကြားလိုက်ပါတယ်။ ဒါဟာ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးကို ၀င်ရောက် စွက်ဖက်တာလား။ နိုင်ငံရေး အကျဉ်းသားကိစ္စကို ကိုယ်တွယ်ရတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေရော အစိုးရသစ်လက်ထက် ဘယ်လိုပြောင်းလဲလာမလဲ။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

နှစ်ပေါင်း (၅၀) ကျော် အတွင်း မြန်မာနိုင်ငံ မှာ ပြည်သူလူထု ကိုယ်တိုင် မဲပေးရွေး ချယ် ခဲ့တဲ့ အရပ်သားပါတီအစိုးရ တက်လာတော့မယ်အချိန်မှာ မတရား ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ ကို အမြန်ဆုံး လွတ်မြောက်လာဖို့ ပြည်သူ အများက မျှော်လင့်နေကြတာပါ။

အစိုးရသစ် အနေနဲ့ သူတို့အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးနိုင်တဲ့ ဥပဒေ နည်းလမ်းတွေ ဘယ်လိုရှိလဲ။ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီက အခုလိုရှင်းပြပါတယ်။

"ဒီအမှုတွေဟာ အခုကျောင်းသားတွေ အမှုတွေဟာ ပြည်ထဲရေးဝန်ကြီးက စွဲတာ မဟုတ်ပါဘူး။ ကျနော်တို့ ရှေ့နေချုပ်ရုံးကနေပြီးတော့ စွဲတင်ထားတဲ့ အမှုတွေပါ။ ရဲတပ်ဖွဲ့က တရားလိုလုပ်တယ်။ အမှုကို တာဝန်ယူပြီး တင်ရတာက ရှေ့နေချုပ်ရုံး၊ ကျနော်တို့ ဥပဒေရုံးတွေကနေ တင်ထားတာပါ။ အဲ့တော့ တရားလိုက နိုင်ငံတော် အဲ့ဒီ့တော့ မပြီးသေးတဲ့ အမှုကို ပြီးအောင် လုပ်တဲ့နည်းက လွယ်လွယ်လေး။ အမှုကို ပြန်ရုပ်သိမ်းလိုက်လို့ရှိရင် ပြီးရော၊ ပြစ်မှုကျင့်ထုံးဥပဒေဆိုင်ရာ ပုဒ်မ ၄၉၄အရ ဘယ်အချိန်မှာ မဆို အစိုးရက သူစွဲထားတာ ရာဇဝတ်ပြစ်မှုတွေကို ရုပ်သိမ်းခွင့်ရှိတယ်။

အဲ့သလို ရုပ်သိမ်းလွှာ တင်လိုက်ရင် တရားရုံးက စိစစ်ပြီးတော့မှ ဒါဟာ အများပြည်သူ အကျိုး ထိခိုက်တာမဟုတ်ဘူး။ ပြည်သူတွေရဲ့ အသက်အိုးအိမ် ထိခိုက်ထားတာ မရှိဘူး။ တရားရုံးက သဘောတူရင် လွယ်လွယ်ကူကူသာ ရုပ်သိမ်းခွင့်ပေးလိုက်လို့ရှိရင် ရတယ်။ အဲ့ဒီ့တော့ အပြစ်ကျပြီးသားလူ ဆိုလို့ရှိရင် ပြစ်မှုကျင့်ထုံးဥပဒေဆိုင်ရာပုဒ်မ ၄၀၁အရ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတက ပေးလို့ရတယ်။ အဲ့တာ တရားရုံးကို စွက်ဖက်တာ မရောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးက ဒီအမှုကို စစ်နေရတာ သူတို့က ဒီအမှုကို စွဲတင်ထားလို့ စစ်နေရတာ။ တရားစွဲလာတဲ့သူက သူ့အမှု သူပြန်ရုပ်သိမ်းပါတယ်ဆိုရင် တရားသူကြီးက ဘာမှ ပြောမှာမဟုတ်ဘူး။ မင်းတို့ကိစ္စပဲ။ သူက ရုပ်သိမ်းသင့်-မသင့်ပဲ ကြည့်မယ်။ ရုပ်သိမ်းသင့်တယ်ဆိုရင် သူက ရုပ်သိမ်းပေးလိုက်မှာပဲ။"

ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးကလည်း-

" ရဲကနေပြီးတော့ အမှုစွဲတင်တဲ့အခါမှာ မြို့နယ် ဥပဒေရုံးကို အကြံဉာဏ်တောင်း ရပါတယ်။ မြို့နယ် ဥပဒေရုံးကနေပြီးတော့ ဒီအမှုကို ဘယ်ပုဒ်မနဲ့စွဲတင်ပါ။ ဆိုပြီးမှ ခွင့်ပြုမှသာ ရဲကနေပြီး အမှုကို စွဲတင်လို့ရတာဖြစ်တယ်။ အဲ့ဒီ့တော့ အခု ကျနော်တို့ ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ ကိစ္စမှာ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် ဒီလက်ပံတန်းဆန္ဒပြ စစ်ကြောင်းမှာ ပါတဲ့ ကျောင်းသား တွေကို အရေးမယူပါဘူး ဆိုပြီးတော့ သဘောတူထားတဲ့ သဘောတူညီချက်ရှိတယ်။ အဲ့ဒီ့သဘောတူထားချက်ကို တရားလိုဘက်က အစိုးရဘက်က ချိုးဖောက်ပြီးတော့ အခုအမှုတွေကို စွဲဆိုထားတာဖြစ်တယ်။

အဲ့ဒီ့တော့ ဒီအမှုကို အလျှင်အမြန် ပြီးဆုံးစေလိုတယ် ဆိုလို့ရှိရင် တရားလိုဖြစ်တဲ့ အစိုးရ ကိုယ်တိုင်က အမှုကို ရုပ်သိမ်းလို့ပဲ ဖြစ်ပါစေ။ ဒါမှမဟုတ်လို့ရှိရင် တရားရုံးချုပ်ကနေပြီးတော့ ဒီလိုစွဲဆိုထားတဲ့ ဥစ္စာတွေက ဥပဒေနဲ့ညီညွတ်ခြင်း မရှိဘူး။ ဒါကြောင့် ဒီအမှုကို ခြေဖျက်ပေးဖို့ အရင်တုန်းက လျှောက် ထားတာတွေ ရှိတယ်။ ပြည်နယ်နဲ့တိုင်းအထိ ရောက်တယ်လို့ ကျနော်တို့သိရတယ်။ အဲ့ဒီ့တော့ တရားရုံးချုပ်အဆင့်ကနေ ဒါကို တည့်မတ်ပေးတယ် ဆိုလို့ရှိရင် ကျောင်းသားတွေ အမှုကို ဆက်လက်စစ်ဆေးခြင်း မပြုပဲနဲ့ ဒီအဆင့်မှာတင် အကုန်လုံးကို ခြေဖျက်ပြီးတော့ လွှတ်ပေး လိုက်လို့လဲ ရတယ်။ အစိုးရက တရားလိုလုပ်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနကနေ အမှုကိုပြန်ရုပ်သိမ်းလိုက်မယ် ဆိုရင် ကျောင်းသားတွေ ပြန်လည်လွတ်မြောက်လာနိုင်ပါတယ်။

ဒါဆိုရင် တပ်မတော် လက်အောက်မှာ ရှိနေမယ့် ပြည်ထဲရေး ၀န်ကြီးဌာနကို အရပ်သား အစိုးရသစ်က အလွယ်တကူ ကိုင်တွယ်နိုင်ပါ့မလား။ ရှေ့နေကြီး ဦးကိုနီကတော့-

" ပြည်ထဲရေးဝန်ကြီးကို လွှတ်တော်ကို အမည်စာရင်းတင်တာ ကာကွယ်ရေးဦးစီးချုပ် က တင်တာမဟုတ်ဘူး။ သမ္မတက တင်တာ။ ကာကွယ်ရေးဦးစီးချုပ်က ရွေးပြီးတော့ သမ္မတကို ပေးတာသာဖြစ်တယ်။ သမ္မတက မကြိုက်ဘူး ဆိုရင် ငြင်းချင်လည်း ငြင်းပြီး နောက် တယောက် ရှာပေးပါဦးလို့ ပြောချင် ရင်လည်း ပြောနိုင်တယ်။

ဘာကြောင့်တုန်းဆိုတော့ တကယ့်တကယ်တမ်း တိုင်းပြည်အတွက် အရာရာကို တာဝန်ယူရတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၃) အရ ပြည်ထောင်စု လွှတ်တော်ကို နိုင်ငံတော်သမ္မတက တာဝန်ခံရတာ။ အဲ့တော့ တာဝန်ခံရတာဖြစ်တဲ့အတွက် သူကြိုက်တဲ့သူကိုပဲ သူခန့်ရမှာ။ သူများက ခန့်ပြီးတော့ သူက တာဝန်ယူရတယ်ဆိုတာမျိုးက အဓိပ္ပါယ်မရှိဘူး။ ဥပဒေနယ်ပယ်မှာလည်း မရှိဘူး။ အဲ့ဒီ့တော့ သမ္မတ က သူ့အလုပ်ကို သူ ပီပီပြင်ပြင် လုပ်သွားလို့ရှိရင် ပြည်ထဲရေးဝန်ကြီးက သမ္မတအောက် သူ့ဘာသာသူ ရောက် သွားမှာပဲ။ "

၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက် လက်ပံတန်း ပညာရေး သပိတ်စစ်ကြောင်း ဦးဆောင်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ခေါင်းဆောင်တွေ နဲ့ ကျောင်းသူကျောင်းသားတွေကို ပုဒ်မ (၁၈)အပြင် အခြားပုဒ်မတွေဖြစ်တဲ့ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ စတာတွေနဲ့လည်း မြို့နယ်တရားရုံး (၂၀)ကျော်မှာ ရဲတပ်ဖွဲ့ က တရားလိုအဖြစ် စွဲဆိုထားတာဖြစ်ပါတယ်။

XS
SM
MD
LG