သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရသစ်အပေါ် မျှော်လင့်မှုများ


နအဖစစ်အစိုးရကဖန်တီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်ငါးနှစ်သက်တမ်းဟာ ဇန်နဝါရီလ (၂၈)ရက်နေ့က ပြီးဆုံးသွားခဲ့ပါပြီ။ အခု ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ ဒုတိယအကြိမ်လွှတ်တမ်းသက်တမ်းကိုစတင်တော့မှာပါ။ ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က ၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ ပါတီကြီး အနေနဲ့ လွှတ်တော်နေရာအများစုကိုရရှိထားတာကြောင့် အစိုးရသစ်ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေပါပြီ။ မကြာခင်ပေါ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ် အပေါ် ပြည်သူအများက ဘယ်လိုမျှော်လင့်ထားကြပါသလဲ။ AFPနဲ့ Reuters သတင်းတွေကို အခြေခံပြီးမအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ အလိုအလျောက်နေရာယူထားတဲ့ ၂၅% စစ်တပ်ကိုယ်စားလှယ်တွေကို ဖယ်လိုက်ရင် လွှတ်တော်နေရာပေါင်း ၈၀%နီးပါး အနိုင်ရထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခုဆိုရင် နေပြည်တော်ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိနေကြပါပြီ။ အခုလိုလွှတ်တော်သက်တမ်း လက်ပြောင်းလက်လွဲှ ကိစ္စ ချောမွေ့အောင်ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ယူခဲ့ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကလည်း ဇန်နဝါရီလ (၂၈)ရက်နဲ့ ၂၉ ရက်နေ့တွေကကျင်းပခဲ့တဲ့ လွှတ်တော်နှတ်ဆက်ပွဲ အခမ်းအနားတွေမှာ ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေရဲ့ဆောင်ရွက်ချက်တွေကြောင့် ကိုယ်စားလှယ်သစ်တွေအတွက် လမ်းဟာ ပိုပြီးပွင့်လင်းလာတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ဂုဏ်ပြုပြောဆိုခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြဖို့ လည်း အခုလိုတိုက်တွန်းသွားပါတယ်။

”ကျွန်မတို့ နိုင်ငံရေးမှာ ဒီမိုကရေစီ စနစ် ထွန်းကားအမြစ်တွယ်ရုံမကပဲ၊ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများဟာ ချမ်းသာ ကြွယ်ဝပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးမှာ ဆက်လက်ပြီးတော့ ရှင်သန်သွားနိုင်မယ် လို့ ကျွန်မ ယုံကြည်ပါတယ်။”

NLD က နေရာအများစုကိုရထားတဲ့ အခုလွှတ်တော်သက်တမ်းအသစ်မှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့လွှတ်တော်ကို ထိန်းချုပ်မယ့်လက္ခဏာတွေ့ရပြီး ဒါကိုလည်း စစ်တပ်ကအသိအမှတ်ပြုပုံ ရှိတယ်လို့ မြန်မာနိုင်ငံရေးသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကမြင်ပါတယ်။

”ဒီအများစုကြီးကို သူကထိန်းကျောင်းမှာပါ။ ခင်ဗျားလည်းသိပါတယ်။ အစိုးရ၊ ဥပဒေပြုလွှတ်တော်တွေ ဒါတွေကို သူက ထိန်းချုပ်ပဲ့ကိုင်ရမယ့် အင်မတန်အရေးပါတဲ့နေရာပါ။ စစ်တပ်ကလည်း ဒါကို အသိအမှတ်ပြုထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူဟာ အစိုးရသစ်ရဲ့သမ္မတအထက်မှာ ရှိနေမှာဖြစ်ပြီးအဲဒီအတွက်လည်း စီစဉ်ထားပြီးပြီလို့ ရွေးကောက်ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဒါကြောင့် လာမယ့်အစိုးရသစ်ဖွဲ့စည်းချိန် သမ္မတနေရာမှာ ဘယ်သူကိုထားမလဲဆိုတာ အများက စိတ်ဝင်တစား ဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒီသမ္မတနေရာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲယူလိမ့်မယ်လို့မြင်ကြောင်း ဒေါက်တာခင်ဇော်ဝင်းကဆိုပါတယ်။

”သူဘယ်သူ့ကိုရွေးမလဲဆိုတာက သိပ်ကို အရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာဟန်ပြဖြစ်ပြီး အားလုံးသိတိုင်းအတိုင်း သူက တယောက်ယောက် ကို ရွေးချယ်ပြီးနောက် အဲဒီနေရာမှာ အချိန်ကာလ တခုထား ထားမှာပါ။ ဒီနောက် အားလုံးဆောင်ရွက်ပြီးချိန်ကျရင် စီစဉ်ထားတဲ့အတိုင်း သူကအဲဒီနေရာကိုယူမယ်လို့ ကျနော်ထင်ပါတယ်။”

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနသုံးခုကို ထိန်းချုပ်ထားမယ် ဆိုပေမယ့်လည်း အခု တနင်္လာနေ့မှာ စတင်မယ့် လွှတ်တော်သက်တမ်းအသစ်မှာ အများပြည်သူမဲဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေအများစုရှိနေတာကြောင့် ပြည်သူအများကတော့ အပြောင်းအလဲတွေဖြစ်ဖို့ မျှော်လင့်ချက်တွေရှိနေကြပါတယ်။

”တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးမှ တည်ငြိမ်မှ ကျွန်တော်တို့ တိုင်းပြည် အေးချမ်းသာယာမှာလေ။ တရားဥပဒေ စိုးမိုးမှု မရှိတရင် တိုင်းပြည် အေးချမ်းသာယာမှာ မဟုတ်တဲ့အတွက် တရားဥပဒေ စိုးမိုးမှုကို အဓိက ပိုပြီးတော့ သဘောကျပါတယ်။ အဲဒါမှ ကျန်တဲ့ဟာအားလုံးက အဆင်ပြေမယ်လို့ ယုံကြည်တယ်။”

ဒါကတော့ ရန်ကုန်မြို့မှာ ဝက်သားထုတ်ထိုးရောင်းတဲ့ ကိုနိုင်ကြီးက ပြောသွားတာပါ။

အခုလို NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ အရင်ကတည်းက မျှော်လင့်ခဲ့ကြောင်း လူငယ် သွားဆရာဝန် ကိုကျော်ထက် ကလည်း ပြောပါတယ်။

”ကျွန်တော်တို့လည်း အရင်ကတည်းက မျှော်လင့်တယ်ပေါ့။ ဒီ NLD အစိုးရတက်လာဖို့ကို ပေါ့။ အခု တက်လာတော့ ကျေနပ်တယ်။ ကျေနပ်တယ်ပေါ့။ အားရတယ်ပေါ့။ ဒီလိုဖြစ်စေချင်တာက ကြာပြီ။”

အစိုးရသစ်အနေနဲ့ ပညာရေးပိုင်းကို ဦးစားပေး လုပ်ဆောင်လိမ့်မယ်လို့ မြင်သူကတော့ စီးပွားရေး တက္ကသိုလ် ကျောင်းသူ မအေးမြတ်မွန်ဖြစ်ပါတယ်။

”ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာလို့ရှိရင် ပညာရေးပိုင်းကို ပိုပြီးတော့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ြ့မင်တယ်။ ပြီးတော့ ပိုပြီးတော့လည်း ကောင်းလာလိမ့်မယ်လို့ မြင်တယ်။”

ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာစတင်မယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အသစ်ရွေးချယ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅%လည်း ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်မှာဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာတော့ NLD ဦးဆောင်မယ့် အစိုးရသစ်ကို လက်ရှိအစိုးရက အာဏာလွဲှပြောင်းပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG