သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား


ကချင်ပြည်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ခဲ့ပါတယ်။ ဟိုပင်မြို့မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေမဲ့ ရမ်းကားတာတွေ မကြာခဏ ဖြစ်တာကြောင့် အမြဲလို စိုးရိမ်ထိတ်လန့်နေရပြီး လုံခြုံမှု ကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်စုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ နမ့်ခွင်ရွာက အဘ ဦးပြည်မောင်ရဲ့သား၊ မြန်မာ့ မီးရထားဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် ကို ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီမှာ စကားများ ရန်ဖြစ်ရာကနေ ဟိုပင်အခြေစိုက် ခမရ (၃၈၈) က ဗိုလ်ကြီးတစ်ဦးက ပစ်သတ်ခဲ့တာပါ။ သေဆုံးသူရဲ့ အိမ်နီးနားချင်းနေထိုင်သူ၊ အခင်းဖြစ်ပွားတဲ့ နေရာအနီးက မြို့ခံတစ်ဦး ပြောပြတာက -

“လူသတ်ပြီးတော့မှ သူတို့က အလောင်းပါ ဖျောက်ဖို့လုပ်တဲ့ အစီအစဉ်ပဲဗျ။ ဟိုပင်ကတပ်ပဲ။ စွမ်းထက် ဆိုင်ကယ်ပြင်ဆိုင် ဆိုတာက ဝပ်ရှော့ဆရာ နှစ်ဦး။ သူတို့က အဲဒီထဲမှာ မူးနေတာ၊ ဟိုပင်ဘူတာကနေ ဂျမဒါလေး လမ်းခွဲဆိုင် ခေါ်တာပေါ့။ ဇော်ဇော်နိုင်ရယ်၊ နိုင်ကိုကိုရယ်၊ ဇော်ထွန်းနိုင်ရယ်၊ ရဲမင်းထွဋ်ရယ်၊ အဲဒီကောင်လေး ၄ ယောက်က အဲဒီစားသောက် ဆိုင်ထဲမှာ သွားပြီးတော့ အရက်သောက်တာ။ စကားများကြတာက ဘယ်လိုတွေ များကြတယ်တော့ မသိဘူး။ စကားများရာကနေပြီးတော့ အဲဒီ ဗိုလ်ကြီး ဆိုတာကနေပြီးတော့မှ သူ့ထဲမှာပါလာတဲ့ ပစ်စတိုနဲ့ ဇော်ဇော်နိုင်ကို ပစ်ထည့်လိုက်တာ ဦးနှောက် ပွင့်သွားတယ်။ ဇော်ဇော်နိုင် အဲဒီမှာတင် ပွဲချင်းပြီး သေရောဗျာ။”

ရထားဝန်ထမ်းလေးကို ပစ်သတ်ယုံသာမက ဆိုင်ထဲမှာ သေနတ် ပစ်ဖောက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆိုင်ရှင်က လူသတ်မှုနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲက ရောက်လာချိန်မှာ အလောင်းကို ရှာမတွေ့ဘဲ တရားခံဖြစ်သူ ဗိုလ်ကြီးက အလောင်းဖျောက်ဖျက်မှုကိုပါ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းမှူးနဲ့ ရဲအုပ် အဖွဲ့က ရောက်လာတော့ ခုနကသေသွားတဲ့သူရဲ့ အလောင်းက မရှိတော့ဘူး။ ဒါပေမဲ့ အဲဒီ ဆိုင်ရှင်က ပြောတာက ခုနကတုန်းက ဗိုလ်ကြီးက အဲဒါကို ဆိုင်ကယ်နဲ့ သယ်သွားတယ်။ အဲဒါ ဆေးရုံကို ပို့မယ်လို့ ပြောတယ် ဆိုပြီးတော့ သူတို့ လိုက်ကြတော့၊ ရဲတွေလည်း အလောင်းလိုက်ရှာကြတာ။ တစ်မိုင်ကုန်းဆိုတာ ရှိတယ်။ ဟိုပင်ရဲ့ အနောက်တည့်တည့်မှာပဲလေ။ အဲဒီမှာ သင်္ချိုင်း မီးသဂြုႋဟ်စက် ရှိတယ်။ မီးသဂြုႋဟ်စက်က တောင်ပေါ်မှာ တည်ထားတာလေ။ တောင်စောင်းမှာကျတော့ သူတို့ မီးသဂြုႋဟ်စက်က ထွက်လာတဲ့ ပြာတွေမီးသွေးတွေကို အလောင်းတွေရှို့ပြီးတော့မှ ထွက်တဲ့ဟာတွေကို စွန့်ပစ်တဲ့ ချောက်တွေ ရှိတယ်လေ။ အဲဒီကြားထဲကို သူတို့က မီးသွေးတွေ ပြာတွေစွန့်ပစ်တဲ့ဘက်ကို အလောင်းကြီးကို ပစ်ထည့်လိုက်တာကိုး။ အောက်ကို တော်တော်လေး၊ ပေ ၅၀ လောက်ကျပြီးမှ အဲဒါ မီးတွေ ဘာတွေထွန်းပြီးတော့ ရှာကြတော့ အဲဒါ သင်္ချိုင်းမြေထဲကနေ အဲဒီအလောင်းကို ရှာတွေ့တာပေါ့ဗျ။ ခမရ ကိုတော့ ရဲကနေ အကြောင်းကြားတာဗျ။ ရဲကနေ အကြောင်းကြားတော့ အဲဒီက တပ်ရင်းဗိုလ်ကြီးက အဲဒီကောင်ကို ဖမ်းထားလိုက်ပြီလို့ ပြောတယ်။”

အလောင်းကိုတော့ ဟိုပင်က သင်္ချိုင်းဘေးက ချောက်ထဲမှာ မနက် ၃နာရီကျော်မှ ရဲတွေက ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုပင်မှာ ညနေ ၇ နာရီ ကျော်တာနဲ့ လမ်းပေါ် မထွက်ရဲကြဘဲ သေနတ်သံတွေက အမြဲလိုလို ကြားနေရပြီး တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် လူထုတွေအနေနဲ့ ထိတ်လန့် ကြောက်ရွံ့နေရတယ် လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဆီမှာ လူရမ်းကားတွေ လုပ်ချင်တိုင်းလုပ်လို့ မရအောင် တရားဥပဒေ စိုးမိုးရေးက မရှိတော့ ညနက်နက်ဆိုရင် အရက်တွေမူး၊ သေနတ်တွေ တဒိုင်းဒိုင်းပစ်။ ကျုပ်တို့လူထုက တော်တော်ကို စိတ်ညစ်နေရတယ်လေ။ အခုဆို အဲဒီသင်္ချိုင်းကို ဒီကနေ့ ၂ နာရီမှာ ကျနော်လည်း လိုက်သွားတယ်။ မီးသဂြုႋဟ်တာလေ သူတို့ နမ့်ခွင်ရွာကလူတွေ ၃၀၀ လောက်လာတာ။ ကားတွေနဲ့၊ ကားကြီးတွေနဲ့ လာကြတာ။ လိုက်ပို့ကြတယ်လေ။ လူတွေက တောက်တခေါက်ခေါက်နဲ့ ပေါ့ဗျာ။ တကယ်ကျတော့ သေနတ်က ပြောမယ်ဆိုရင် တိုင်းပြည်ကာကွယ်ဖို့ပေါ့ဗျာ၊ ပြည်ပရန် ကာကွယ်ဖို့ ပေးထားတာပဲဗျာ။ ကိုယ့် ရွာသူရွာသားချင်း ပစ်ဖို့မှမဟုတ်တာ။ ထစ်ခနဲရှိ ဒီလိုပစ်သတ်ကြေးဆို ခက်ရပေရဲ့။”

သေဆုံးသူ အလံကိုင် ရထားဝန်းထမ်းလေးဟာ အသက် ၂၄ နှစ်ဟာ ရှိသေးပြီး အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးလာတာ မကြာသေးဘဲ အလုပ်ဝင်လုပ်နေတာလို့ ဆိုပါတယ်။ ဒီလို ပစ်သတ်မှုနဲ့ပတ်သက်လို့ ဟိုပင်ဘူတာကို ဆက်သွယ်မေးမြန်းတဲ့အခါ ပြောပြဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်က ဆိုင်ရှင်ကတော့ ပ နံပါတ် ၃/၂၀၁၂၊ ရာဇဝတ်ပုဒ်မ (၃၀၂) အရ ရဲကို အမှုဖွင့် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ တရားခံနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်း ရှိမရှိကို မေးမြန်းဖို့အတွက် ဟိုပင်ရဲစခန်းကို ဆက်သွယ်တဲ့အခါမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

XS
SM
MD
LG