သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးထိန်းဒုံး ပစ်ခတ်မှု ဓါးစားခံနှစ်ဦး မတော်တဆ သေဆုံး


အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ မိန့်ခွန်းပြော။ ဧပြီ ၂၃၊ ၂၀၁၅။
အမေရိကန်သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ မိန့်ခွန်းပြော။ ဧပြီ ၂၃၊ ၂၀၁၅။

အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ အမေရိကန် တပ်ဖွဲ့တွေလက်ချက်နဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ မတော်တဆ သေဆုံးသွားတဲ့ အကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်ပါတယ်။ အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသမှာ ဇန်နဝါရီလထဲတုန်းက အမေရိကန်ရဲ့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးတခုအတွင်း စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ အမေရိကန်နဲ့ အီတလီ ဓားစာခံတွေ သေဆုံးခဲ့တာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

အမေရိကန် နိုင်ငံသား Warren Weinstein နဲ့ အီတလီနိုင်ငံသား Giovanni Lo Porto တို့ မတော်တဆ သေဆုံးခဲ့တဲ့အပေါ် အလွန်အမင်း စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်းလည်း အိမ်ဖြူတော် ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တဦးအဖြစ် အိမ်ဖြူတော်က ပြောဆိုခဲ့တဲ့ အမေရိကန် နိုင်ငံသား Ahmed Farouq ဟာလည်း စစ်ဆင်ရေး အတွင်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဇန်နဝါရီလအတွင်း နောက်ထပ် စစ်ဆင်ရေးတခု အတွင်းမှာလည်း အကြမ်းဖက် ကွန်ယက်ရဲ့ ပြောခွင့်ရသူတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံသား Adam Gadahn သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။ သေဆုံးသွားတဲ့ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်သူ ၂ ဦးကို စစ်ဆင်ရေးတွေမှာ တမင် ပစ်မှတ် ထားတာမျိုး မဟုတ်သလို၊ သူတို့တွေ ဒီနေရာမှာ ဘာကြောင့် ရောက်နေ သလဲ ဆိုတာကိုလည်း အတိအကျ မသိရဘူးလို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အမေရိကန် ဓားစာခံ Weinstein ဟာ ဝါရှင်တန် အနီးမှာ နေထိုင်ခဲ့ဖူးသူတဦးဖြစ်ပြီး အမေရိကန် အကူအညီပေးရေးအေဂျင်စီ USAID ရဲ့ ကန်ထရိုက် ဝန်ထမ်းအဖြစ် ပါကစ္စတန်မှာ အလုပ်လုပ်ကိုင် နေသူပါ။ အီတလီနိုင်ငံသား ဓားစာခံကတော့ ဂျာမန်အကူအညီပေးရေး အဖွဲ့တခုမှာ အလုပ်လုပ်နေရင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG