သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hot News Weekly ကို အသရေဖျက်မှုနဲ့ ရွှေဂုံတိုင်ဆေးရုံ တရားစွဲ

Hot News Weekly ကို အသရေဖျက်မှုနဲ့ ရွှေဂုံတိုင်ဆေးရုံ တရားစွဲ
Hot News Weekly ကို အသရေဖျက်မှုနဲ့ ရွှေဂုံတိုင်ဆေးရုံ တရားစွဲ

ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Hot News Weekly ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါး တပုဒ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် ပုဂ္ဂလိကဆေးရုံ SSC ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ် ဆိုပြီး အသရေဖျက်မှု၊ ထိခိုက်နစ်နာမှုတွေနဲ့ SSC ဘက်က ဒီကနေ့ ရန်ကုန် တရားရုံး ၂ ခုမှာ အမှုတင်လိုက်ပါတယ်။ Hot News Weekly ဘက်ကတော့ သူတို့ ရေးသားဖော်ပြချက်ဟာ အဖြစ်မှန်၊ အခြေအနေမှန်ကို ရေးသားဖော်ပြတာဖြစ်ပြီး ရွှေဂုံတိုင်ဆေးရုံဘက်က ဒီလုပ်ရပ်အပေါ်မှာ ပြန်လည် တရားစွဲဆိုဖို့ ရှိတယ်လို့ ဂျာနယ် တာဝန်ရှိသူတဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ပထမပတ်ထုတ် Hot News Weekly ဂျာနယ်ထဲမှာ ပုဂ္ဂလိကဆေးရုံ SSC ရဲ့ ဝန်ဆောင်မှုဆိုပြီး ဝန်ဆောင်မှု အားနည်းချက်တွေကို ဝေဖန်ရေးသား ဖော်ပြထားတဲ့ သတင်းဆောင်းပါး အပေါ်မှာ တည်ပြီး SSC ရွှေဂုံတိုင်ဆေးရုံနဲ့ Hot News Weekly ဂျာနယ် အကြားမှာ တင်းမာမှုတွေ ပြီးခဲ့တဲ့ လကတည်းက ဖြစ်ခဲ့တာပါ။ SSC ဘက်က ဒီရေးသားဖော်ပြချက် အပေါ်မှာ အကြောင်းအရာ မမှန်ကန်ဘူးဆိုပြီး ပြန်လည်တောင်းပန် ဖော်ပြပေးဖို့ Hot News Weekly ဂျာနယ်ကို သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ Hot News Weekly ဂျာနယ်ဘက်က ဒီအပေါ်မှာ တောင်းပန်ချက် မဖော်ပြပေးတာကြောင့်ဆိုပြီး ဒီကနေ့ပဲ ရွှေဂုံတိုင်ဆေးရုံဘက်က ရန်ကုန် တရားရုံး ၂ ခုမှာ Hot News Weekly ဂျာနယ်အပေါ် အမှုတွေ စွဲချက်တင်လိုက်တယ်လို့ SSC ရဲ့ ဥပေဒရေးရာ အကြံပေး ဦးရဲမြင့်က ပြောပါတယ်။

“ဒီနေ့ တိုင်းဒေသကြီး တရားလွှတ်တော်မှာ အမှုတင်ထားပါတယ်။ ၅၀၅(၁) အသရေဖျက်မှုနဲ့ ပတ်သက်လို့ကတော့ ဗဟန်းမြို့နယ် တရားရုံးမှာ တင်ထားပါတယ်။ ကျနော်တို့ဘက်က ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ SSC ကိုယ်စားလှယ်ကိုတော့ ဒီနေ့ စစ်ပြီးသွားပါပြီ။”

အဖြစ်အပျက်က Hot News Weekly ရဲ့ ဖော်ပြချက်က ဘယ်အချက်တွေက SSC ရဲ့ ဂုဏ်သိက္ခာကို နစ်နာစေတယ်လို့ ရည်ညွှန်းပါလဲ။

“ပထမဆုံး သူက ကျနော်တို့ဆေးရုံကို အကြိမ်ကြိမ်လာပြီး စုံစမ်းတယ်၊ မေးမြန်းတယ်လို့ ပြောပါတယ်။ အဲဒီထဲမှာ ပါပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဆေးရုံမှာ စုံစမ်း မေးမြန်းတယ်ဆိုရင် တချို့အချက်တွေက ဘာမှ ရေးစရာမလိုတဲ့ အချက်တွေ ဖြစ်သွားမှာပါ။ ဥပမာ ဆေးရုံမှာ သေပြီး မိနစ် ၂၀ အတွင်းမှာ ဆေးရုံကနေပြီး ငွေပေးလို့ ရပါပြီဆိုပြီး ပြောတယ်ဆိုတဲ့ အချက်မျိုး၊ ဒီဟာဆိုရင် မဖြစ်နိုင်ဘူးဗျ။

“ဘာဖြစ်လို့လဲဆိုတော့ သေဆုံးပြီးပြီဆိုရင် ကျနော်တို့ အပေါ်မှာ Death Certificate တွေဘာတွေ ရေးမယ်၊ Chart ကို Admin ကို ချပေးမယ်။ ချပေးတော့မှ Admin က သူတို့ ဆေးယူထားတာတွေ ပြန်ပေးသလား၊ Pay Bill နဲ့ ပတ်သက်လို့ လုပ်မယ်၊ ပြီးတော့ Lab နဲ့ ပတ်သက်လို့လည်း Lab မှာ ဘာတွေ စစ်ထားလဲ၊ ဒီ Bill တွေ တောင်းမယ်။ Imaging မှာလည်း အဲဒီလိုဟာမျိုးတွေ တောင်းမယ်။ အကုန်လုံးပြီးမှ လုပ်တယ်ဆိုတော့ ဘယ်လိုနည်းနဲ့မှ မိနစ် ၂၀ အတွင်းမှာ မဖြစ်နိုင်ပါဘူး။

“အမှန်က အကုန်လုံး ဆေးရုံကဆင်းဆင်း၊ ဆေးရုံမှာပဲ သေလို့ဖြစ်ဖြစ် အနည်းဆုံး တနာရီနဲ့ တနာရီခွဲကြားမှာ ပေးနိုင်မယ်။ အဲဒါမျိုးဆိုတော့ မိနစ် ၂၀ အတွင်းမှာ ကျနော်တို့ဆီက တောင်းတယ် ဆိုတဲ့ဟာမျိုးပေါ့။”

ဒီကိစ္စနဲ့ပတ်သက်လို့ Hot News Weekly ဂျာနယ်ကို မေးမြန်းကြည့်တော့ သူတို့ရဲ့ ရေးသားဖော်ပြချက်ဟာ အချက်အလက် မှန်ကန်တာမို့ စာနယ်ဇင်း လွတ်လပ်ခွင့်အရ ပြန်လည်ဖြေရှင်း တောင်းပန်စရာ မလိုဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ တဘက်မှာ SSC ဘက်က လုပ်ရပ်ဟာ ဂျာနယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမို့လည်း ပြန်လည် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း မကြာခင် ရက်ပိုင်းအတွင်းမှာ Hot News Weekly ဘက်က တရားဝင် ဖြေရှင်းချက် ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။

စာနယ်ဇင်း လောကအတွင်း စာနယ်ဇင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ သတင်းထောက်တွေအပေါ် အကာအကွယ် ပေးနိုင်ဖို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့က ကော်မတီတရပ် ထားရှိပေမဲ့ ဒီပြဿနာကို တရားရေးလမ်းကြောင်း အရပဲ ဖြေရှင်းသွားမယ်လို့ ဂျာနယ် တာဝန်ရှိသူက ပြောပါတယ်။ စာပေနဲ့ စာနယ်ဇင်း တာဝန်ရှိသူ တဦးကတော့ ဒီအမှုနဲ့ ပတ်သက်လို့ သူတို့ကို ကြားဝင် ဖြေရှင်းပေးဖို့ တိုင်ကြားလာတာမျိုး မရှိတာကြောင့် သူတို့အနေနဲ့ ကိုင်တွယ်ပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။

နောက်အခြေအနေ တခုကတော့ စာနယ်ဇင်းတွေရဲ့ ရေးသား ဖော်ပြချက်တွေကို မကျေနပ်တဲ့အခါ အစိုးရ ဝန်ကြီးဌာနတွေက အစ တရားရုံးတင်ပြီး ဥပဒေကြောင်းနဲ့ ရင်ဆိုင် စကားပြောလာတဲ့ ကိစ္စတွေကြောင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို တနည်းတဖုံ ထိခိုက်စေနိုင်တယ်လို့ ပြည်တွင်း အယ်ဒီတာ တဦးကလည်း သုံးသပ် ပြောဆိုပါတယ်။

This item is part of
XS
SM
MD
LG