အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကြီး ဆိုက်မယ့်အရေးကို ရှောင်ရှားနိုင်မယ့်အစီအစဉ်တခုကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒါဟာဖြင့် အမေရိကန်စီးပွားရေးကို ပိုအားကောင်းစေမယ့် ကျယ်ပြန်တဲ့ ကြိုးပမ်းမှု တခုရဲ့ ခြေလှမ်းတဆင့်ဖြစ်တယ်လို့ သမ္မတ ဘရာ့ခ်အိုဘားမားက ပြောပါတယ်။
အထက်လွှတ်တော်က အစောပိုင်းမှာ အတည်ပြုထားတဲ့ အစီအစဉ်ကို ရီပတ်ဘလီကန်ပါတီ ကြီးစိုးထားတဲ့ အောက်လွှတ်တော်ကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့တာပါ။ အဲဒီအစီအစဉ်ထဲမှာ အစိုးရအသုံးစရိတ်ကို ပိုပြီး လျှော့ချဖြတ်တောက်တာတွေ ထည့်သွင်းဖို့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တချို့က ကြိုးစားခဲ့သေးပေမဲ့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အလုံအလောက်မရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
အခွန်နှုန်းထား၊ အစိုးရအသုံးစရိတ်ပမာဏ၊ ကာလရှည်ကြာ ဆိုးရွားနေတဲ့ လိုငွေပြမှုနဲ့ နိုင်ငံပေါ်တင်ရှိနေတဲ့ ကြွေးမြီကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော်က ရီပတ်ဘလီကန်တွေအကြား လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အငြင်းပွားနေခဲ့တာပါ။ အင်္ဂါနေ့ကရခဲ့တဲ့ သဘောတူညီချက်ဟာ မပြည့်စုံဘူးဆိုပေမဲ့ အမေရိကန်လူထုအတွက် အကောင်းဆုံးဖြစ်တယ်လို့ လွှတ်တော် ခေါင်းဆောင်တွေက ပြောကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေး အကျပ်အတည်းပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ တာကြောင့် ကမ္ဘာတ၀န်းက အစု ရှယ်ယာဈေးကွက်တွေမှာ ဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။