သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာကိစ္စ ကန်အောက်လွှတ်တော် ကြားနာ


အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ California ပြည်နယ်က Republican အမတ် Ed Royce
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ California ပြည်နယ်က Republican အမတ် Ed Royce

အမေရိကန်နဲ့ မြန်မာဆက်ဆံရေးမှာ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးကိစ္စကို ဦးစားပေးသင့်တယ်လို့ အောက်လွှတ်တော်အမတ် Ed Royce ကပြောလိုက်ပါတယ်။ မတ်လ ၁၇ ရက် သောကြာနေ့တုန်းက အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှာ ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပါတ်သက်လို့ကြားနာပွဲ လုပ်ခဲ့တာမှာ ကော်မတီဥက္ကဋ္ဌ California ပြည်နယ်က Republican အမတ် Ed Royce ကခုလိုပြောခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေရဲ့ အခြေအနေတိုးတက်အောင် နည်းလမ်းရှာရပါမယ်။ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ရက်ရက်စက်စက်ဆောင်ရွက်နေမှုတွေ ရပ်တန်းကရပ်ရပါမယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စကို ဦးစားပေးဆောင်ရွက်ရမယ်လို့ ပြောသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဝါရှင်တန်မြို့တော်ကိုလာခဲ့စဉ်က ရိုဟင်ဂျာကိစ္စကို ပြောခဲ့ပေမဲ့ အခုချိန်ထိ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေရှိနေပြီး ကျူးလွန်သူတွေကို အရေးယူခြင်းမရှိတဲ့အပေါ် သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့လည်း ကြားနာပွဲမှာ အမတ် Royce ကပြောခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြားပြောထားပြီးဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည်နေမှာဖြစ်တယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Ed Royce ကကြားနာပွဲ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။ 2016 အောက်တိုဘာ ၉ ရက်နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်ချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို စုံစမ်းဖို့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ကနေ နိုင်ငံတကာကော်မရှင်တခုဖွဲ့စုံစမ်းရေးကို တောင်းဆိုသင့်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

ဒီကြားနာပွဲမှာ ရိုဟင်ဂျာလူမျိုး Mohamed Naeem ကရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို တင်ပြသွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ရိုဟင်ဂျာတွေအနေနဲ့ တန်းတူအခွင့်အရေးနဲ့ သိက္ခာရှိရှိ နေထိုင်နိုင်ခွင့်ရရေးကို တောင်းဆိုသွားခဲ့ပါတယ်။ ရိုဟင်ဂျာသီးခြားနိုင်ငံ၊ ရှရီရာနိုင်ငံတည်ထောင်နိုင်ရေးကို သူတို့အနေနဲ့ အားပေးမှာ မဟုတ်ဘူးလို့လည်း Mohamed Naeem ကသောကြာနေ့က ဝါရှင်တန်မြို့တော်မှာလုပ်တဲ့ အောက်လွှတ်တော်ကြားနာပွဲမှာ ပြောသွားပါတယ်။ ဒီပွဲမှာ Unitarian Universalist Service Committee၊ Fortify Rights နဲ့ အမေရိကန် Holocaust Memorial ပြတိုက်တို့ကလည်း လာရောက်ထွက်ဆိုသွားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG