သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးရွှေမန်း အပေါ် ဘာ ဆက်လုပ်နိုင်သလဲ


ရုံးပြန်တက်နေတဲ့ သူရဦးရွှေမန်း။
ရုံးပြန်တက်နေတဲ့ သူရဦးရွှေမန်း။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဥက္ကဋ္ဌ ရာထူးကနေ သူရ ဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့ ကိစ္စဟာ မကြာခင်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ဆက်လက် ဖြစ်လာနိုင်ခြေရှိတယ်လို့ မြန်မာ့နိုင်ငံရေး အနီးကပ် လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ လောလောဆယ် သူရ ဦးရွှေမန်း ရုံးတက်ပြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေကို ပြန်လည် ထမ်းဆောင်တယ်ဆိုတာဟာလည်း သူ့သဘောနဲ့ လုပ်ဆောင်တာ မဖြစ်နိုင်ဘူးလို့ သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ အရေးပါတဲ့ ကာလတခုလို့ ပြောလို့ရနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခါနီး လပိုင်း အလိုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လက်ရှိ အာဏာရ ပါတီအကြီးအကဲ ရာထူးကနေ ဖြုတ်ချခံ လိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အမှန်တကယ် လိုလိုလားလား လုပ်ဆောင်နေရဲ့လား ဆိုတဲ့အပေါ်မှာလည်း နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာမျိုးတွေ ရှိနေတဲ့အတွက် သူရ ဦးရွှေမန်းကို ရာထူးက ဖြုတ်ချ လိုက်ကြသူတွေဟာ အရင် စစ်အစိုးရလက်ထက်ကလို ရုပ်ပျက် ဆင်းပျက်ကြီးဖြစ်အောင် လုပ်မှာမဟုတ်ဘူးလို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

"ဦးရွှေမန်းကိစ္စမှာကတော့ ဒီဘက်ခေတ်ဖြစ်လာတော့ အရင် စစ်အာဏာရှင်ခေတ် လိုတော့ လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ လို့လည်း ပြော ထားတယ်။ နောက်ကြောင်းပြန် မလှည့်ဘူးလို့လည်း ပြော ထားတယ်။ နိုင်ငံတကာကိုလည်း ပြောထားတယ်။ ပြည်တွင်းမှာလည်း ပြောထား တယ်ဆိုတော့ လုပ်ရကိုင်ရတဲ့ဥစ္စာက နည်းနည်းလေး သူတို့ ချင့်ချိန်ပြီးတော့ မှ ဘောင်ဝင်အောင် လုပ်နေရတဲ့ အနေအထားမျိုး ကျနော်မြင်ပါတယ်။

ကျနော် အတွင်းက ကျနော် သိတဲ့သတင်းတွေအရကတော့ ဒီအတိုင်းတော့ ခွင့်လွှတ်ပေးလိုက်မယ့် လို့တော့ မထင်ဘူး။ အခုပဲ စပြီးတော့မှ လွှတ်တော် ကိုယ်စားလှယ် တယောက်ကို အရေးယူလို့ရမယ့်ကိစ္စကို အရေးပေါ် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကနေ တင်လာတာရှိပြီ။ နောက် အတည်ပြုဆဲ သတင်းတွေအရ ဦးရွှေမန်းကို တရားစွဲဖို့အတွက်ကို အချက်အလက်ပေါ့လေ ကေ့စ်ပေါင်းများစွာနဲ့ တရားစွဲဖို့ အတွက်ကို သူတို့စီစဉ်နေတယ်လို့သိရတယ်။

အဲ့တော့ ကျနော် သုံးသပ်ချက်အရ ပြောရမယ်ဆိုရင်တော့ ဥက္ကဋ္ဌ အတိုင်း ဆက်လုပ်မယ်။ ဥပဒေကို အတည်ပြုလိုက်မယ်။ အဲ့ဒီ့ဥပဒေအရ ကိုယ်စားလှယ်လောင်း ပျက်ကွက်မှုနဲ့ ဦးရွှေမန်းကို အရေးယူပြီးတော့မှ လွှတ်တော်ဥက္ကဋ္ဌကနေတရားဝင် ဥပဒေအတိုင်း ဖြုတ်ချလိုက်လို့ရတယ်။ ပြီးရင် ဆက်ပြီးတော့မှာ အက်ရှင်တွေ လာလိမ့်မယ်။ တရားစွဲတာတွေ တရားဥပဒေအတိုင်း လုပ်တာတွေ လာလိမ့်မယ်။ "

သူရ ဦးရွှေမန်းကို တခြား စီးပွားရေးကိစ္စတွေနဲ့လည်း အရေးယူနိုင်စရာ ရှိတယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

သောကြာနေ့က သူရ ဦးရွှေမန်း လွှတ်တော်ရုံးကိုသွားပြီး တာဝန်ထမ်းဆောင်တယ် ဆိုတာဟာလည်း သူ့သဘောနဲ့သူ သွားတာ မဖြစ်နိုင်ဘူးလို့ ဦးအောင်လင်းထွဋ်က ဆက်ပြောပါတယ်။

"အင်မတန်မှ ဉာဏ်များတယ်နော်။ ကျနော်တို့ သာမာန် ရိုးရိုး တွေးလို့မရတဲ့ အတွေးမျိုး အဲ့ဒီ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှွေ ခေါင်းထဲမှာ ရှိတယ်။ သူဟာ အလုပ်တခုကို လုပ်လို့ရှိရင် ဘယ်တော့မှ မဆုံးဖြတ်ဘူး။ သူက အရင်ဆုံး စာလေးနဲ့ ချပြီးတော့မှ သတင်းကို အရင်ဆုံး တီးတိုး ဝါဒဖြန့်ပြီးတော့မှ လွှင့်ထည့်လိုက်တာ။ လွှင့်ပြီးတော့မှ ပြန်လာတဲ့ သတင်းက ဘယ်လို ပြန်လာလည်း ဆိုတာ ရှိပြီးတော့မှ သူက လမ်းကြောင်းကို ရွေးပြီး ရှာပြီးတော့မှ လုပ်တတ်တယ်။ အခုလည်း ဦးရွှေမန်းကို ရုံးပြန်တက်ခိုင်းလိုက်တဲ့အခါကျတော့ လူတွေရဲ့ Attention မှာ လျော့သွားတယ်။"

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကလည်း သူရ ဦးရွှေမန်းကို တဆင့်ပြီး တဆင့် အရေးယူမှုတွေ လုပ်ဆောင်သွားလိမ့်မယ်လို့ သုံးသပ်ပါတယ်။

" အခု လုပ်တဲ့ကိုင်တဲ့ ဟာတွေက ဒီတပ်မတော်အစိုးရ အဆက်ဆက်ပေါ့နော်။ အရှေ့တုန်းက သူတို့တွေ လုပ်ခဲ့ကိုင်ခဲ့တဲ့ ကာရိုက်တာတွေကို ကြည့်ရင် ဒီလောက်နဲ့ ရပ်သွားလိမ့်မယ် လို့ မမြင်ဘူး။ ဒါကြောင့်မို့လို့လဲ သူတို့က တဆင့်ချင်း တဆင့်ချင်း လုပ်တာ။ အဲ့လိုလုပ်တာကလည်း အကြောင်းရှိတာပေါ့လေ။ အကြောင်းရှိတယ်ဆိုတာက အခုဖြစ်ပေါ်နေတဲ့ အနေအထားရော။ သူတို့ရဲ့ ရက်ရရှိမှုပေါ့ အချိန်ရရှိမှု အနေအထားရော ပြီးတော့မှ အရင်ခေတ်တုန်းကလိုမျိုး တပြိုင်နက်တည်း အကုန်လုံး ရပ်လို့မရတဲ့ အနေအထားမျိုး ဟန်ပြ ဒီမိုကရေစီလေး ရှိနေတဲ့ အနေအထားရော အဲ့တာကြောင့်မို့လို့ အခုလို လူမြင်ကောင်းအောင်တော့ နည်းနည်းလုပ်နေတာပေါ့နော်။ တဆင့်ပြီး တဆင့် လုပ်မယ်လို့ ကျနော်မြင်ပါတယ်။"

လက်ရှိ အစိုးရက ဦးဆောင် လုပ်ကိုင်နေတဲ့ ဈေးကွက်စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှု၊ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲ စတဲ့ ကိစ္စရပ်တွေမှာတော့ ပြောင်းလဲမှု မရှိဘဲ ဆက်လက် လုပ်ဆောင်သွားကြလိမ့်မယ်လို့ ဦးစည်သူအောင်မြင့် က ပြောပါတယ်။

သူရ ဦးရွှေမန်း ပါတီအကြီးအကဲ တဦးအဖြစ်ကနေ ရာထူးက ဖယ်ရှားခံ လိုက်ရတာဟာ ပါတီတွင်း ကိစ္စဖြစ်တယ်လို့ အများစုက ရှုမြင် သုံးသပ်နေကြပြီး လာမယ့် ရွေးကောက်ပွဲအပါအဝင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း တခုလုံးကို ထိခိုက်မှု မရှိနိုင်ဘူးလို့ ပြောဆိုနေကြပါတယ်။

သူရ ဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးကို အခုချိန်ထိ ဆက်လက် ရယူထားဆဲဖြစ်ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရကတော့ သူရ ဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်းရဲ့ အိမ်မှာ လုံခြုံရေး အစောင့်တွေချထားပြီး စောင့်ကြည့်တဲ့ အနေအထား ရှိနေသေးသလို သူ ဦးစီး ဆောင်ရွက်နေတဲ့ Cherry FM အသံလွှင့်ဌာနက အသံလွှင့်ရုံ ၁၇ ရှိတဲ့အထဲက ၁၆ ခုဟာ Signal မရတဲ့အတွက် အသံလွှင့်လုပ်ငန်းတွေ လောလောဆယ် ရပ်တန့်နေတယ်လို့ သိရပါတယ်။

XS
SM
MD
LG