အွန်လိုင်းရုပ်သံလိုင်း Netflix နက်ဖလစ်ရဲ့ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ Squid Game "စကွစ်ဂိမ်း" ဒုတိယရာသီမှာ ဇာတ်လမ်းအသစ်တွေ ပါလာပေမယ့် ကံခေတဲ့ ပြိုင်ပွဲဝင်တွေ ငွေဆုကြီးရဖို့ ကလေးကစားနည်းတွေကို အသက်စွန့်ပြီး ကစားရတဲ့ အဓိကဇာတ်အိမ်ကတော့ ပြောင်းမသွားပါဘူး။
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ကြားမှာ ရိုးပုံရိုးလက်ပုံလေးနဲ့ ယောင်ချောင်ချောင်ဖြစ်နေတဲ့ စက်ရုပ် အရုပ်မလေး Young-hee ယောင်းဟီးကလည်း ဒုတိယတွဲမှ ပြန်ပါလာပြီး "မီးနီ မီးစိမ်း" ကစားပွဲမှာ လှုပ်မိတဲ့သူကို သေနတ်နဲ့ ပစ်သတ်ဖို့ ချောင်းနေတာပါ။
အုန်းမုတ်ခွက်ဆံပင်နဲ့ ကလစ်လေးတပ်ပြီး လိမ္မော်ရောင်ဂါဝန်လေးနဲ့ အရုပ်မလေး ယောင်းဟီးက လူမှုကွန်ယက်တွေမှာ အထူးရေပန်းစားတဲ့ ရုပ်ပြပုံဖြစ်ပြီး နက်ဖလစ်ရဲ့ ကြော်ငြာတွေမှာလည်း ဇာတ်လိုက်ဖြစ်ပါတယ်။
Squid Game ရဲ့ ထုတ်လုပ်ရေးဒီဇိုင်နာ Chae Kyoung-sun ချားကျောင်းဆွန်းက အရုပ်မလေး ယောင်းဟီးရဲ့ ပုံစံကိုဖန်တီးတော့ သူ့သမီးလေးကိုကြည့်ပြီး စိတ်ကူးနည်းနည်းရခဲ့တယ်လို့ ပြောပါတယ်။
"ကျွန်မသမီးက ဆံပင်ကို အုန်းမုတ်ခွက်ပုံညှပ်ထားတာ ကြာလှပြီ။ အရမ်းချစ်စရာကောင်းလို့ အဲ့လို နဖူးပေါ်တက်နေတဲ့ ဦးမုတ်ခွက်ပုံဆံပင် လုပ်ပေးလိုက်တာ" လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ယောင်းဟီးရဲ့ မူရင်းပုံစံကတော့ တောင်ကိုရီးယား မူလတန်းကျောင်းသုံး စာအုပ်မျက်နှာဖုံးက ကောင်မလေး ယောင်းဟီးဆီက ရခဲ့တာဖြစ်ပေမဲ့ လူသတ်စက်ရုပ်လေးကိုဖန်တီးတော့ စစချင်း ကျား၊မ မခွဲခြားဘဲ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းတွဲနဲ့ ဒီဇာတ်ကောင်ရဲ့ အောင်မြင်မှုကို မေးတော့ ချားက ဆန်းသစ်ဖောက်ထွက်တဲ့ သဘော သဘာဝကြောင့်လို့ ပြောပါတယ် "ဒီကလေးလေးက ရုတ်တရက် လူသတ်စက်ကြီး ဘယ်လို ဖြစ်သွားတာလဲ။ ရှုပ်ထွေးနက်နဲတဲ့ အတွေးအခေါ်တွေ၊ နည်းလမ်းတွေနဲ့ ဖန်တီးထားတဲ့ စကွစ်ဂိမ်းလောကက အသစ်အဆန်းတွေကို လိုချင်နေတဲ့ လူငယ်တွေနဲ့ ကိုက်ညီနေလို့လို့ ထင်တယ်" လို့ သူက ပြောပါတယ်။
ဒုတိယရာသီရဲ့ အဆုံးပိုင်းမှာ ယောင်းဟီးနဲ့အတူ နောက်ထပ်လာမဲ့ တတိယပိုင်း ဇာတ်လမ်းတွဲမှာ ပါဝင်မဲ့ Chul-su ချူးဆူဆိုတဲ့ ယောက်ျားလေးစက်ရုပ်ကိုလည်း တွေ့ရပါတယ်။ ချူးဆူကို ပထမရာသီကတည်းက ထည့်ဖို့ စဉ်းစားပြီး ဆွဲထားတာ ဖြစ်ပါတယ်။ "ဒုတိယရာသီမှာ ချူးဆူပါမယ်ဆိုတော့ ပထမရာသီအတွက် ဆွဲထားတဲ့ ချူးဆူ ပုံတွေကို ပြန်ယူလာတာပါ" လို့ ချားက ပြောပါတယ်။
Squid Game ပထမရာသီ ဇာတ်လမ်းတွဲတွေတုန်းက နက်ဖလစ်မှာ လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်ခဲ့လို့ ဒုတိယရာသီကိုလည်း အလားတူအောင်မြင်မှု ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ နက်ဖလစ်ရဲ့ အဆိုအရ ဒုတိယရာသီဟာလည်း စတင်ထုတ်လွှင့်တဲ့ ပထမသီတင်းပတ်မှာတင် ကြည့်ရှုသူ ၆၈ သန်းကျော်နဲ့ စံချိန်တင်ခဲ့တာပါ။ ဇန်နဝါရီ ၂၂ ရက်နေ့မှာ Netflix က Squid Game ဒုတိယရာသီကြောင့် တစိတ်တပိုင်း အပါအဝင် စတုတ္ထသုံးလပတ်မှာ Netflix မှာ ရုပ်ရှင်ကြည့်ဖို့ မှတ်ပုံတင်သူ စံချိန်တင် ၁၈.၉ သန်း တိုးလာခဲ့တယ်လို့ ပြောပါတယ်။
Squid Game နောက်ဆုံးရာသီဖြစ်တဲ့ တတိယပိုင်း ဇာတ်လမ်းတွဲတွေကိုတော့ ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်သွားဖို့ ရှိပါတယ်။
Forum