သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ မြေပြိုမှုမှာ လူအများအပြား ပျောက်ဆုံးနေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ မြေစာပုံပြိုကျ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ မြေစာပုံပြိုကျ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဒီကနေ့ မြေစာပုံပြိုကျခဲ့ရာက လူအများအပြား ပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးသူ အနည်းဆုံး ၂၀ ကနေ အများဆုံး ၄၀ လောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းနေကြပြီး၊ အသက်ရှင်လျက် ပြန်တွေ့ဖို့ အလားအလာ နည်းတယ်လို့လည်း ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ မြေစာပုံပြိုကျတာကြောင့် အနည်းဆုံး လူ ၂၀ လောက်ပျောက်ဆုံးနေပါတယ်။ အချို့ဒေသခံတွေကတော့ ၄၀ ထိ ပျောက်ဆုံးနိုင်ပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ ပျောက်ဆုံးသူတွေဟာ အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းနေကြောင်း ပြောပါတယ်။ ဖားကန့်ဒေသက မြေပြိုမှုနဲ့ လူတွေပျောက်ဆုံးရတဲ့အခြေအနေကို -- က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် မနကျေးရွာအနီး မြေပြိုတာဟာ ဒီလ ၁၃ ရက်နေ့ ညနေ ၃နာရီလောက်မှာဖြစ်ပွားခဲ့တာပါ။ ဒီမြေပြိုကျမှုကြောင့် လူ ၂၀ လောက် ပျောက်ဆုံးနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အဟောင်းပစ်ထားတဲ့ အပုံတွေက ပြိုကျတာ။ အဟောင်းနဲ့ အစပ်ပေါ့လေ။ တစ်ခေါက်မဟုတ်ဘူး။ နှစ်ခေါက်ပြိုကျတာ နောက်ထပ်တခါ ထပ်ပြိုကျတဲ့ဟာကတော့ ရေလှိုင်းကြီးတော်တော် တက်သွားတာပေါ့။ အထိအခိုက်ခြေအနေကတော့ ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့တော့ ပြောတယ်။ အခုလောလောဆည်တော့ ပျောက်ဆုံးကတော့ ၂၀ကျော်လို့တော့ ကြားတယ်ဗျ။ ရေလှိုင်းနဲ့ မျောပါတဲ့ဟာလည်း ရှိနိုင်တယ်။ မြေကြီးအောက်မြုပ်တဲ့ဟာလည်း ရှိနိုင်တယ်။ မိုးတအားရွာတာတော့ မဟုတ်ဘူး။ ဒီနေ့တော့ မရွာဘူး။ မနေ့က ရွာထားတာတော့ ရှိတယ်။”

ရေမဆေးကျောက်ရှာသူတွေဟာ ရေကန်လို ဖြစ်နေတဲ့ ကျင်းဟောင်းနဘေးမှာ ရှာဖွေနေစဉ် မြေစာပုံပြိုကျပြီး ရေလှိုင်းရိုက်တာကြောင့် မျောပါကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အခြားဒေသခံတစ်ဦးကတော့ ပျောက်ဆုံးသူ ၄၀လောက်ရှိနိုင်ပြီး ကူညီကယ်ဆယ်ရေးအတွက် ဆောင်ရွက် နေပေမယ့် အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိနိုင်ကြောင်း ပြောပါတယ်။

“မနကျေးရွာနားက ကျောက်စိမ်းလုပ်ကွက် ရေကန်ပေါ့နော။ ပေ ၂၀၀ ကျော်လောက်မြင့်တဲ့ မြေစာပုံက ရေကန်ထဲ ပြိုကျတာ။ အဲဒီမြေစာရေကန်ထဲ ပြိုကျတဲ့အရှိန်နဲ့ ရေလှိုင်းပုတ်တာ။ ရေလှိုင်းပုတ်တော့ ကျောက်စိမ်းတူးနေတဲ့သူတွေ၊ ရွှေမျောတိုက်နေတဲ့သူတွေ ရှိတယ်ပေါ့။ အကုန်လုံးကို အဲဒီ ရေလှိုင်း ပုတ်ပြီးတော့ ရေကန်ထဲ ဆွဲချသွားတာ။ အကုန်လုံး ၄၀ အထက်တော့ အကုန်လုံးပါသွားတယ်။ လူမှုကူညီရေးအဖွဲ့တွေက ကယ်ဆယ်ရေးတွေလုပ်ဖို့ လုပ်နေတယ်။ ကယ်ဆယ်ရေးလုပ်မယ်ဆိုရင်လည်း ရေကန်ထဲပါသွားသူတွေက ၁၀၀ ရာခိုင်နှုန်း သေဖို့ သေချာသွားပြီ။ အလောင်းတွေ ကောက်ဖို့ အတွက် လူမှုကယ်ဆယ်ရေးအသင်းတွေ ကြိုးစားနေကြတယ်။”

ပျောက်ဆုံးနေသူတွေရဲ့စာရင်းကိုတော့ အတိအကျ မရရှိနိုင်သေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေစာပုံပြိုကျမှုတွေဟာ မကြာခန ဖြစ်ပေါ်တတ်သလို ဒီလ ၅ရက်နေ့ကလည်း မှော်စီစာကျေးရွာမှာ မြေပြိုကျတာကြောင့် လူတစ်ဦး သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က ဝေခါမှော်မြေပြိုမှုမှာ လူ ၁၇၀ ကျော်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်မှာ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတွေကတော့ မြေစာပုံတွေကို စနစ်တကျ စွန့်ပစ်ဖို့ ပြောဆိုတာတွေ ရှိပေမဲ့ အခုချိန်ထိတော့ ထိန်းသိမ်းဆောင်ရွက်နိုင်တာ မရှိသလို၊ မြေစာတွေကို ဥရုချောင်းအတွင်း စွန့်ပစ်တာကြောင့်လည်း ဖားကန့်မြို့နယ် နှစ်စဉ် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ရကြောင်း ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG