သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း ကန့်ကွက်ဆန္ဒပြခံရ


ဖားကန့်မြို့နယ်အတွင်း မကြာသေးခင်ရက်ပိုင်းကစလို့ ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက အင်အားအလုံးအရင်းသုံးပြီး တူးဖေါ်ရေး လုပ်လာတဲ့အတွက် ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကြောင့် မြေစာပုံပိပြီး သေဆုံးမှုအပါအဝင် မတော်တဆ သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေ အခုလို ဆန္ဒပြလာကြတာပါ။ဆက်သွယ်စုံစမ်းထားတဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပါတယ်။

ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက မြေစာသယ်တဲ့ ထရပ်ကားကြီးတွေသုံးပြီး အခုရက်ပိုင်းအတွင်းမှာ နေ့မအား ညမအား ကျောက်စိမ်း တူးဖေါ်ရေးတွေ လုပ်နေကြတာပါ။ ကျောက်စိမ်းတွင်းရှိရာ မှော်တွေနဲ့ မြေစာပုံတဲ့ နေရာကြားက ရွာတွေကို ယန္တရားစက်တွေနဲ့ မြေသယ် ထရပ်ကားကြီးတွေ ဖြတ်မောင်းနေတာကြောင့် ဒေသခံတွေအတွက် ဆိုးကျိုးဖြစ်လာတဲ့အပေါ် ဖားကန့်မြို့နဲ့ လုံးခင်းမြို့နယ်ကြား ရွာတချို့မှာ ဒေသခံရွာသား အနည်းဆုံး ၄၀ လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ဖားကန့်မြို့ခံ ကိုဇော်မိုးထက်က ပြောပါတယ်။

“မြေစာပစ်တဲ့ကားတွေက ရွာတွေထဲကို ၂၄ နာရီသွားနေတာကိုး၊ နေ့ဆိုင်း ညဆိုင်းနဲ့ကိုး။ အဲလိုမျိုးသွားနေတော့ ရွာထဲလမ်းကနေ မဖြတ်နဲ့ ဆိုပြီးတော့ ဆန္ဒဖေါ်ထုတ်တာပေါ့နော်၊ ဒီရွာထဲ လမ်းတွေက သွားခြင်းအားဖြင့် ဒေသခံပြည်သူတွေအတွက် ၂၄ နာရီ ဖုံတွေနဲ့ပဲ နေနေရတယ် ဗျာ။ နောက်တချက်က အိပ်ရေး၀၀ မအိပ်ရဘူး၊ နောက်တခါ ဆိုင်ကယ်တွေကြိတ်ပြီး သေသွား လူတွေကြိတ်ပြီးသေသွား အဲဒါနေ့စဉ်နဲ့အမျှလို ဖြစ်နေတာ … တမှော်လုံးအတိုင်းအတာပေါ့နော်။ အဲဒီရှုထောင့်ကနေ တားတာပေါ့နော် ”

အခုလို ဆန္ဒပြတာကြောင့် လုံခြုံရေး ယူပေးခဲ့ရတယ်လို့ ဖားကန့် မြို့နယ်ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက VOA ကိုပြောပါတယ်။

“ဖားကန့်နဲ့ လုံးခင်းဖက်ကြား ဖြစ်တာပါ။ အဲဒီတော့ ကျနော်တို့ ဒီမြို့မကနေ သွားပြီးတော့ ဒီနယ်ထိန်း ဆိုက်ကနေ သွားပြီးတော့မှ လုံခြုံရေး သွားပေးရတာပါ”

‘မြေစာသယ်တဲ့ကားတွေ ရွာထဲကို ဖြတ်သန်းခွင့်မပြု’ ၊ ‘လူသတ်နေတဲ့ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေ ဖားကန့်မြို့နယ်က ထွက်သွား’ စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။ လုံးခင်းမြို့နယ်အုပ်စု ဝိုင်းတောင် ကုဋေရွာ စတဲ့ဒေသတွေမှာ ဆန္ဒပြခဲ့ ကြတာပါ။ ဒေသခံတွေ အခုလို ဆန္ဒပြရတဲ့အခြေအနေကို သူ့အနေနဲ့ ကိုယ်ချင်းစာနားလည်မိကြောင်း NLD ပါတီ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရတဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“နိုင်ငံတော် အကျိုးတူဆိုတဲ့ ကုမ္ပဏီအတော်များများဟာ - ဒီ အဖွဲ့အစည်းပိုင်ပေါ့နော်။ အဲဒီကုမ္ပဏီ တော်တော်များများဟာ ဒေသခံတွေရဲ့ အကျိုးကို မကြည့်တဲ့ ကုမ္ပဏီက များတဲ့အတွက်ကြောင့်မို့၊ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းတဲ့ အပိုင်းကလဲ တော်တော်လေး များတဲ့ အနေထားတွေပေါ်မှာ ပြည်သူလူထုက ဆန္ဒပြတယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်လေ နော့”

ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေအနေနဲ့ ၂၀၁၆ မှာတက်လာမယ့် အစိုးရသစ်လက်ထက် မတိုင်ခင် တူးဖေါ်ရေးလုပ်ငန်းတွေကို အလျှင်စလို လုပ်မယ့်သဘော ရှိတယ်လို့ ကိုဇော်မိုးထက်က သုံးသပ်ပါတယ်။

“ဒီ ၂၀၁၀ စတက်ကတည်းက ဒီလက်ရှိအစိုးရသက်တမ်းမှာ အကုန်တူးမှာတဲ့။ ဟို အကုန်တူးမယ်ဆိုတာက ရသလောက်တူးမှာပေါ့ဗျာ။ ကျနော်ထင်ပါတယ် သူတို့နောက်ကွယ်က ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေပါမယ်၊ နောက်တခုက ခရိုနီအုပ်စုရှိမယ်။ နောက်တခုကကျတော့ ဒီစစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေရှိမယ်။ အဲဒီနောက်မှာ ဒါတွေပဲရှိမှာ”

ရာကျော်တဲ့ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေ ပါဝင်ပြီး၊ NDAK ဦးစခုန်တိမ့်ရိမ်းရဲ့ကချင်အဖွဲ့ ၊ KDN ဦးမထုနော်ရဲ့အဖွဲ့နဲ့ ပအို့ဝ်လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ PLA/ PNO အဖွဲ့တွေ၊ UWSA ဝတပ်ဖွဲ့ရဲ့ ရာဇဌာနေ၊ မြန်မာတကောင်း စတဲ့ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖေါ်နေကြပြီး ဒေသခံတွေအကျိုးကို ဘာမှ လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။ အဲဒီကုမ္ပဏီတွေဟာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်မယ့် နောင်တက်လာမယ့် NLD အစိုးရ လက်ထက်မတိုင်ခင်မှာ အခုလို အလျှင်စလို လုပ်နေကြတာလို့ဦးဒါရှီလာဆိုင်းက သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီ အများပြည်သူလူထုက ထောက်ခံတဲ့ အစိုးရသစ်တရပ်က မကြာခင်ပေါ့နော်၊ ၃-၄-၅ လအတောတွင်း ပေါ်ပေါက်လာတော့မယ် ဆိုတဲ့အချိန်မှာ သူတို့အနေနဲ့ဒီလို ပြည်သူလူထုဖက်ကနေ ရပ်တည်မယ့် အစိုးရပေါ်ပေါက်ခဲ့ရင် ဒီလုပ်ငန်းတွေကို သူတို့ ကောင်းကောင်း မွန်မွန် လုပ်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ အခုလက်ရှိကာလမှာ မကျန်တော့တဲ့ကာလ ၃လ ၄ လအတောတွင်းမှာပေါ့နော် လက်ငုတ်လက်ကျန် လေးတွေကို အပြီးပြတ် သူတို့အနေနဲ့ လုပ်ဆောင်ချင်တဲ့ အနေအထားကြောင့်လို့ပဲ ကျနော့်အမြင်ရော အများပြည်သူရဲ့ အမြင်မှာလဲ အဲလိုပဲ မြင်နေကြတာပေါ့နော်။ တကယ်လဲ ကျနော်တို့လဲ အဲလိုပဲ သုံးသပ်တယ်”

ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းကလဲ ဖားကန့်မှာ မြေစာပုံပြိုပြီး အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့ရပေမယ့် သက်ဆိုင်ရာ ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီက တာဝန်ယူ ပြန်လည်ဖေါ်ထုတ်ပေးတာမျိုး မရှိခဲ့ပါဘူး။

XS
SM
MD
LG