သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား ဒီနေ့အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် စတဲ့ မြို့ပေါ်နဲ့ ကျေးရွာအုပ်စုအတွင်းမှာ ဗုံးပေါက်ကွဲ တာတွေ နေ့စဉ် လိုဖြစ်ပွား နေပါတယ်။ လောလောဆည်မှာတော့ ဖားကန့်နဲ့ မိုးကောင်း သွားကားတွေကို တားဆီး စစ်ဆေးရှာဖွေနေသလို ဖားကန့်မြို့ပေါ်နဲ့ လူနေရပ်ကွက်တွေအတွင်းမှာ လုံခြုံရေးတင်းကျပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရသစ်တက်ပြီးတဲ့နောက် လပိုင်းအတွင်းမှာ ပြန်လည်စတင်လာတဲ့ ဖားကန့်ဒေသတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ပိုမိုပြင်းထန်လာနေသလို မြို့ပေါ်လူနေရပ်ကွက်တွေ အတွင်းမှာ မကြာခဏ ဗုံးပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ အထိတ်တလန့်ရှိနေကြပါတယ်။

လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဖားကန့်ဒေသအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆိုင်းက အခုလို ပြောပါတယ်။

“ဒီနေ့က တနေ့လုံးတိုက်ပွဲဖြစ်ပါတယ်။ ၁၁ နာရီကနေဖြစ်တာ အခုအချိန် အထိဖြစ်နေတုန်းပဲ။ ကျနော်တို့ ဌာန ၆ တဲ့နေရာပါ။ အောင်လန့်ဘက်လေ အစိုးရတပ်တွေကတော့ နယ်မြေရှင်းလင်းရေးဆိုပြီးမှ ၀င်လာလို့ ဖြစ်တဲ့တိုက်ပွဲပါ။ မနေ့ကလည်း အကြီးအကျယ်ပါ။ မနက်ကနေ ညအထိ ဒီနေ့နဲ့ဆို ၄ ရက်မြောက် ရှိပါပြီ။ ကျနော်တို့ တပ်ရင်း ၆ ကို ထိုးစစ်ဆင်တာ ၄ ရက်မြောက်ဖြစ်ပါတယ်။ မေလ ၇ ရက်နေ့ကနေစတာပါ။”

KIA တပ်ရင်း ၆ ဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ဖားကန့်မြို့နဲ့ အနီးအနားဒေသတွေမှာ ဗုံးပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ပွားနေသလို ဒီမနက်မှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့တယ်လို့ ဖားကန့်မြို့က ဦးဟန်မြင့်က ပြောပါတယ်။

“ဒီမနက် ၁၀ နာရီခွဲလောက်မှာ ရဲကား အရှေ့ကဖြတ်သွား တာကို ဘေးကနေပြီးတော့ ပစ်ချ လိုက်တာ ။ ဒါပေမယ့်လို့ ရဲကား လွတ်သွားပြီး ဆိုင်ကယ် ၂ စီးက ဒဏ်ရာရလားတော့မသိဘူး။ အဲဒီနောက်က ကျနော်တို့ကားက မော်ခါး ကိုဆင်းလာတာ ။ ကျနော့်သားက လန့်သွားပြီးတော့ ကျနော်တို့ အိမ်ကိုပြန်ပြေးလာခဲ့ရတာ တခါထဲ။ ဒီဟာတွေကိုတော့ ကျနော်တို့ မြို့ပေါ်မှာ လုံးဝမဖြစ်စေချင်ပါဘူး။ ကျနော်တို့က ပြည်သူလူထု ထိခိုက်နစ်နာမယ့်ဟာတွေ ကို မဖြစ်စေချင်ပါဘူး။”

တနင်္လာနေ့ကလည်း မပေါက်ကွဲသေးတဲ့ ဗုံး ၇ လုံးလောက်တွေ့ရှိရှင်းလင်းခဲ့သလို ဆိုင်းတောင်ရဲစခန်းမှာ ၂ လုံး ပေါက်ကွဲ ခဲ့တယ်လို့ ဆက်ပြောပါတယ်။

“မနေ့တုန်းက ဖားကန့်မြို့ပေါ်မှာပဲ မကွဲသေးတဲ့ ဗုံး ၅ လုံး ။ ၅ လုံးစလုံးကောက်တဲ့အချိန်မှာ ကျနော်ပါတယ်။ ကျနော်ရှိတယ်။ တပ်မကနေပြီးတော့ မိုင်းရှင်းလင်းရေးအဖွဲ့တွေကနေပြီးတော့ ကောက်သွားပြီးတော့မှ ရှင်းလင်းလိုက်တာနော်။ နောက် ဆိုင်းတောင်မှာက စစ်ဘက်ရေးရာလုံခြုံရေးရှေ့မှာ ၂ လုံး။ မကွဲသေးဘူးလို့တော့ သတင်းရတယ်။ နောက်ပြီးတော့ ဆိုင်းတောင်၊ ဆိပ်မူ ရဲကင်းအရှေ့မှာ ၂ လုံး၊ အဲဒီ ၂ လုံးစလုံး ကွဲတယ်။ ၁ လုံးကကွဲပြီးတော့ ရဲကင်းကို မီးလောင်သွားတယ်လို့ မနေ့ညက ကျနော်သတင်းရတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ဖားကန့်မြို့နယ်အတွင်းမှာ မိုင်း ၅ လုံးပေါက်ကွဲခဲ့ပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဗုံးပေါက်ကွဲတဲ့အခြေအနေကို ဖားကန့်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအလုပ်များနေတာကြောင့် ဖြေဆိုဖို့ မအားလပ်သေးကြောင်း တုန့်ပြန်ပြောကြားပါတယ်။

“ကျနော်တို့ဒီမှာလည်း အလုပ်အရမ်းရှုပ်နေတယ်။ လူကလည်းနည်းတယ်။ သတင်းယူတာတွေနဲ့ အရမ်းရှုပ်နေလို့လေ အခုကတော့ သတင်းပြောလို့ အဆင်မပြေသေးဘူး အကို။”

ဖားကန့်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကတော့ ဗုံးပေါက်ကွဲတာတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဒီလိုတိုက်ပွဲဖြစ်နေရင်တော့ ဒါဘယ်သူလုပ်တယ်ဆိုတာလည်း ပြောလို့ အတိအကျမရဘူးလေ။ ဟိုဘက်ကလည်း လုပ်ချင်လုပ်မယ်၊ ဒီဘက်ကလည်း လုပ်ချင်လုပ်မယ်။ ဒီ ဥစ္စာတွေကျတော့ ကျနော်တို့ အတိအကျပြောဖို့ခက်တယ်။ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ တဘက်နဲ့ တဘက်ကတော့ လုပ်ကြမှာပဲလေ။ လူထုထဲတော့ မလုပ်သင့်ဘူးပေါ့။ ပြောမယ်ဆိုရင်တော့ ဒီစစ်ပွဲကြောင့်မို့လို့ဖြစ်တဲ့ အကျိုးအကြောင်းဆက်တွေပေါ့ဗျာ။ နောက်ဆုံးကျတော့ လူထုနာတာပါပဲ၊ လူထုမြေစာပင်ဖြစ်တာပဲပေါ့ဗျာ။”

ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာ၊ ဗုံးပေါက်ကွဲတာတွေဖြစ်ပွား ပြီးတဲ့နောက်မှာတော့ အစိုးရတပ်မတော်ကဖားကန့်၊ မိုးကောင်းလမ်းမှာ ကားတွေကို တားဆီးရှာဖွေတာ၊ စစ်ဆေးတာတွေ ဆောင်ရွက်နေသလို မနေ့ကတော့ ဖားကန့်ဖက်လာတဲ့ကားတွေကို လာရောက်ခွင့် ယာယီ ပိတ်ပင်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့နောက်ဆုံးရတဲ့သတင်းအရ အသွားကားရော၊ အပြန်ကားတွေကိုပါ သွားလာခွင့် ပြန်ပေးထားပေမယ့် မြို့ပေါ်မှာတော့ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

XS
SM
MD
LG