သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းရောက် အလုပ်သမားတွေကာကွယ်ပေးရေး လှုပ်ရှားသူတွေတောင်းဆို


သမ္မတဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးတွင် သံရုံးအမှုထမ်းများ၊

ထိုင်းနိုင်ငံတဝှမ်း မကြာခင်မှာပဲ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေကို အထူး စီမံချက်နဲ့ ဖမ်းဆီးအရေးယူတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရောက် သိန်းချီတဲ့မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေး မြန်မာအစိုးရဘက်က လက်တွေ့ကျကျနဲ့ စနစ်တကျ ကူညီ ဆောင် ရွက်ပေးဖို့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ အခုလက်ရှိထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးဝင်းမြင့်ကတော့ ထိုင်းနိုင်ငံရောက်အလုပ်သမားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မြန်မာသံရုံးနဲ့ မြန်မာအလုပ်သမား သံအရာရှိတွေကို တိုက်တွန်းပြောကြားသွားပေမဲ့လို့ အလုပ်သမားတွေအရေး အမှန်တကယ်ထိရောက်တဲ့ ကူညီဖြေရှင်းမှုတွေ ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက ရှိနေဆဲပါ။မဆုမွန် အသေးစိတ် တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတဝှမ်းအထောက်အထားမဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ကြဖို့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံ တင်နိုင်ရေး ထိုင်းအစိုးရဘက်က အလုပ်သမားဆိုင်ရာ ဥပဒေသစ်အရ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းတော့မှာဖြစ်တဲ့အတွက် အလုပ်သမားတွေ အနေနဲ့ လာမယ့်၂၀၁၈ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး တရားဝင်မှတ်ပုံတင်ကြဖို့ အသိပေးကြေငြာထားပြီး ဇူလိုင် ၁ ရက်နေ့ကစပြီး ဖမ်းဆီး အရေးယူမှုတွေ စတင်တော့မှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လဆန်းကတည်းက သတိပေး နှိုးဆော်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံဘက်ခြမ်းက အလုပ်သမားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး အလုပ်သမားရေးသံအရာရှိတွေ ဘက်က အရေးတကြီး ကူညီဆောင်ရွက် ဖြေရှင်းပေးသင့်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ပြုလုပ်နိုင်ရေး အခုလက်ရှိ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့အခက်ခဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) အလုပ်သမားရေးရာတာဝန်ခံ မသက်သက်ဦးက အခုလိုပြောပြပါတယ်။

"အခြေအနေတွေက အရမ်းတင်းကျပ်တယ်။ အလုပ်သမား work permit နဲ့ပတ်သက်ရင် အလုပ်သမားတွေကို အရမ်းတင်းကျပ်တော့ အလုပ်သမားက ပွဲစားခတွေလည်းကုန်တယ်။ ကုန်တဲ့အခါမှာ တင်းကျပ်လွန်းတဲ့ဥပဒေတွေကို ဖြေလျှော့ဖို့တော့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဖို့တော့ လိုမယ်။ နောက်ပြီးတော့ မြန်မာဘက်ကကျတော့ ဒီဘက်မှာလာပြီး CI တွေ ဖွင့်ထားတယ်။ အဲဒီ CI တွေက တကယ့်ဥပဒေက ပြဌာန်းထားတဲ့အတိုင်း မဟုတ်ဘူး။ အဲဒီထက် ပိုပေးရတယ်။ ပေါ်တင်ကြီးလုပ်စားနေတာပေါ့။ ကံထရိုက်ပေးလိုက်တဲ့ CI ပွဲစားတွေ၊ ကံထရိုက်ယူလိုက်တဲ့ ကုမ္ပဏီတွေကိုပေါ့နော်- အဲဒီဟာနဲ့ အလုပ်သမားတွေက အရမ်း ငွေကုန်ကြေးကျ များတာပေါ့နော်။ အဲဒီတော့ အဆင့်ဆင့်၊ အဆင့်ဆင့် ထပ်ပြီးတော့ ကုန်နေရတဲ့ အလုပ်သမားတွေဖြစ်နေတဲ့အတွက် စရိတ်စက-က များလွန်းတယ်ပေါ့နော်။ ဝန်ပိလွန်းတယ်ပေါ့နော်၊ အဲဒီဟာတွေကိုလည်းပဲ မြန်မာဘက်က CI ရုံးလာဖွင့်တဲ့ ကိစ္စတွေကိုလည်း သေချာစိစစ်ပေးဖို့တော့ လိုတာပေါ့နော။ အဂတိလိုက်စားတာတွေ မရှိဖို့တော့ လိုတယ်ပေါ့နော်။"

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ သိန်းချီရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဥပဒေကြောင်းအရ အကူညီပေးကြဖို့ကိုလည်း အခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးဝင်းမြင့်ကလည်း မြန်မာသံအမတ်၊ မြန်မာအလုပ်သမားသံအရာရှိတွေကို တိုက်တွန်း မှာကြားခဲ့တယ်လို့ သမ္မတဦးဝင်းမြင့်နဲ့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့သူ အလုပ်သမားဥပဒေအကြံပေး ရှေ့နေကြီးဦးအောင်မျိုးသန့်က အခုလိုပြောပြပါတယ်။

"ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကနေပြီးတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့အခြေအနေတွေကို အချက်အလက် တွေနဲ့ သေချာစွာ ရှင်းလင်းတင်ပြလိုက်ပါတယ်။ အဲဒီလို တင်ပြပြီးတဲ့နောက်မှာ သမ္မတကြီးက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ အလုပ်သမားတွေကို သက်ဆိုင်ရာ ဥပဒေအရ မှန်ကန်စွာ အကာအကွယ်ပေးနိုင်ဖို့၊ နောက်တခါ တကယ်လို့ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာတဲ့အခါမှာလည်း ထိုင်းနိုင်ငံရဲ့ဥပဒေအရ အရေးယူဆောင်ရွက်တဲ့ကိစ္စမျိုးတွေဟာ သူတို့ ဥပဒေအတိုင်း ဆောင်ရွက်တာမို့လို့ အထူး ပြောစရာမဟုတ်ပေမယ့်လည်း မိမိနိုင်ငံသားတွေကို ဥပဒေနဲ့ဖြစ်တဲ့ အနေအထားမျိုးတွေမှာ ပါဝင်ကူညီပြီးတော့ အမြန်ဆုံး စာရင်းဇယားအရ မိမိနိုင်ငံကို ပြန်လည်ပို့နိုင်ဖို့ ဆိုတဲ့ကိစ္စတွေနဲ့၊ နောက်တခါ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ဟာကို အထူးမှာကြားပါတယ်။ လိုအပ်တာလေးကိုလည်း သမ္မတကြီး ကိုယ်တိုင် ကနေပြီးတော့ အလုပ်သမားတွေနဲ့ပတ်သက်လို့ စောင့်ရှောက်ကာကွယ်ပေးနိုင်ဖို့ကိုလည်း အသေးစိတ် မှာကြားသွားပါတယ်ခင်ဗျ။"

အခုလို နိုင်ငံတော်သမ္မတက အလုပ်သမားရေး ဦးစားပေးဆောင်ရွက်ပေးဖို့ပြောဆိုခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်တုန်းကလည်း ကတိပေးစကားပြောကြားသွားတာရှိပေမဲ့လို့ ထိရောက်တဲ့ကူညီဖြေရှင်းမှုတွေ မရရှိခဲ့ဘူးလို့ အလုပ်သမားရေး ဆောင်ရွက်ပေးနေတဲ့ မသက်သက်ဦးက ပြောပါတယ်။

"အရင်တုန်းကလည်း နိုင်ငံတော်အတိုင်ပင်ခံလာတယ်၊ မှာတာလည်း မှာသွားတယ်။ ဒါပေမယ့် အဲဒီနောက်မှာ ထိုင်းနိုင်ငံမှာ အခြေအနေပိုဆိုးတယ်။ အလုပ်သမားတွေက ရွှေ့ပြောင်း MOU ဆိုလည်း MOU ပိုဆိုးတယ်။ ထိုင်းနိုင်ငံထဲမှာရောက်နေပြီးသား အလုပ်သမားကျတော့လည်း အခြေအနေတွေက အဲဒီ ငွေကုန်ကြေးကျခံပြီးတော့ ပွဲစားလမ်းကြောင်းပေါ်မှာပဲ လျှောက်ရတဲ့လမ်းပဲရှိတော့တယ်။ အခြေအနေဟာ ပိုပဲဆိုးနေတယ်ပေါ့နော်။ နောက်ပြီးတော့ မြန်မာပြည်ထဲကနေလည်း အစိုးရဝန်ကြီးဌာနတွေက လာရောက်စစ်ဆေးတာတွေလည်းရှိတယ်၊ ထိုင်းနိုင်ငံမှာ။ ဒါပေမယ့်လည်း ဘာမှမထူးဘူး၊ ဒီအတိုင်း ဒီအတိုင်းပဲ၊ အလုပ်သမားတွေက ပိုက်ဆံကုန်တယ်နော်။ အဲဒီအတွက်ပေါ့နော်- ဘယ်လိုနည်းနဲ့ ထိထိရောက်ရောက်အောင်လုပ်ပေးနိုင်မှာလဲ- အစိုးရအနေနဲ့ပေါ့နော်- ကျမတို့က အဲဒါကို တောင်းဆိုချင်တယ်ပေါ့။"

မြန်မာသမ္မတဘက်ကတော့ လိပ်ကျွန်းလူသတ်မှုမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာအလုပ်သမားတွေအမှုကိစ္စအပါအဝင် ထိုင်းနိုင်ငံတဝှမ်း အကြောင်း အမျိုးမျိုးကြောင့် အဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမားတွေအရေးလည်း အမြန်ဆုံးထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးကြဖို့ တိုက်တွန်း သွားခဲ့တယ်လို့လည်း လိပ်ကျွန်းအမှု စုံစမ်းကူညီဖြေရှင်းပေးဖို့ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ အထူးအကြံပေးအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

"အဲဒီနေ့မှာကတော့ အဲဒီ လိပ်ကျွန်းအကြောင်းလည်း ပြောသွားပါတယ်။ သူကိုယ်တိုင်ကိုက ဥပဒေအကျိုးဆောင် ရှေ့နေဘဝကနေ လာတာမို့လို့ မိမိနိုင်ငံသား တကယ်လို့ ပြစ်မှု မကျူးလွန်ဘူးဆိုရင်တော့ မကျူးလွန်တဲ့အတိုင်းကို ဥပဒေအရ တင်ပြပြီးတော့ အပြစ်ကနေ လွတ်ကင်းအောင်လို့ ဆောင်ရွက်ပေးဖို့လည်း ပြောသွားပါတယ်။ တကယ်လို့များ မိမိနိုင်ငံသားက ကျူးလွန်တဲ့လူဖြစ်ခဲ့လို့ရှိရင်လည်း ပြစ်ဒဏ်ကြီးတာကိုသေးအောင်၊ သေးတာကို ပပျောက်အောင် တဖြည်းဖြည်းနဲ့ ဥပဒေအရ ကြိုးစားဆောင်ရွက်ပေးဖို့ကိုလည်း ကျနော်တို့ကို ညွှန်ကြားခဲ့ပါတယ်ခင်ဗျ။"

ဇွန်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်တာ ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နည်းဗျူဟာ ထိပ်သီးအစည်းအဝေးတက်ဖို့ ဇွန်လ ၁၄ ရက်နေ့ကတည်းက သုံးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာသမ္မတဦးဝင်းမြင့် ရောက်ရှိနေချိန်အတွင်း ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပူးတွဲကြေညာချက်မှာရော ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပါ- ထိုင်းနိုင်ငံတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေး ထည့်သွင်းဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG