သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA အပါအဝင် ဆု ၉ ခု ချီးမြှင့်မည့် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ရန်ကုန်မှာစတင်


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

၂၀၁၆ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပရာမှာ အရင်ရှိပြီးသား ဆုတွေအပြင်၊ ဗွီအိုအေဆု ဆိုပြီးတော့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

UDHR ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးတွေကို မှတ်တမ်းတင် ရုပ်ရှင်ကားတွေကနေ အများပြည်သူ နားလည်သိရှိလာအောင် ရုပ်ရှင်အတတ်ပညာကတဆင့် ဖော်ပြတဲ့ ရုပ်ရှင်ပွဲတော်ကို စတုတ္တအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး၊ ရုပ်ရှင်ပွဲတော်မှာ ပြသတဲ့ ရုပ်ရှင်ကားတွေထဲက ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဦးဝင်းတင်ဆုတွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်ခဲ့တာပါ။

ဒီနှစ်မှာတော့ အဲဒီဆုတွေအပြင် ဗွီအိုအေ အမေရိကန်အသံကလည်း ဗွီအိုအေဆုအနေနဲ့ ဆုတဆု ချီးမြှင့်ဖို့ ရှိပါတယ်။ အပြည့်အစုံကို ကိုစည်သူ တင်ပြထားပါတယ်။

လူတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ထားတဲ့ အမျိုးမျိုးသော ရုပ်ရှင်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ (၄) ကြိမ်မြောက် ကျင်းပနေတာပါ။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို အပီပြင်ဆုံး ဖော်ကျူးနိုင်တဲ့ ရုပ်ရှင်ကို ရွေးချယ်ဆုပေးတဲ့အခါ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီ ဦးဝင်းတင်ဆု တွေအပြင် ဆု (၉) ခုကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ထူးထူးခြားခြား အနေနဲ့တော့ ဗွီအိုအေ အမေရိကန်အသံအနေနဲ့ ရွေးချယ်ချီးမြှင့်တဲ့ VOA ဆု ပါဝင်လာပါတယ်။ ဗွီအိုအေက ချီးမြှင့်တဲ့ဆုအကြောင်း ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်း က အခုလို ပြောပါတယ်။

“အထူးသဖြင့်ပေါ့နော် ဗွီအိုအေဆိုတာက ကျနော်တို့အနေနဲ့က လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာဆိုတာကို အမြဲတမ်း ဒါ တန်ဖိုးထားရမယ့်အရာ ဆိုပြီးတော့ အစဉ်တစိုက် ကျနော်တို့အနေနဲ့ သတင်းပေးမှုတွေအရရော၊ နောက်ပြီးတော့ ဒီအချက်အလက်တွေကို ကျနော်တို့ အမြဲတမ်း တစိုက်မတ်မတ် လုပ်ပေးခဲ့တဲ့ မြှင့်တင်ပေးခဲ့တဲ့ ဌာနတခုလည်း ဖြစ်ပါတယ်။ အဲဒီတော့ နှစ်စဉ် ဒီ ပွဲတော်ကို ကျင်းပနေတယ်ဆိုပေမဲ့လည်း ဒီ လေးနှစ်မြောက်နေ့မှ ကျနော်တို့အနေနဲ့ အခွင့်အခါကြုံကြိုက်လို့ပေါ့နော် အားပေးခွင့်ရရှိတယ်။ နောက်ပြီးတော့ ဆု အနေနဲ့လည်း ပေးခွင့်ရတယ်ဆိုတော့ ကျနော်တို့ ဒါက အားပေးအားမြှောက် ပြုသင့်တဲ့ကိစ္စအနေနဲ့ ယူဆလို့ ကျနော်တို့ ဗွီအိုအေဆုကို လာပေးတာပါ။”

ဒီနှစ်ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာရုပ်ရှင်နဲ့ မြန်မာရုပ်ရှင် ၆၀ ကျော်ကို နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေက အမှတ်ပေး ရွေးချယ်တာအပြင် ရုပ်ရှင်ပွဲလာသူတွေရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ဆုပေးရွေးချယ်သွားမှာပါ။

အခုနှစ် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲမှာ ပြသဖို့ ကနဦး ကြေညာထားတဲ့ Twilight over Burma ဇာတ်ကားကို ပြသခွင့် မရတာကြောင့် တခြားပြိုင်ပွဲဝင် ရုပ်ရှင်ကားတွေကို ပြသခဲ့ပါတယ်။ ၁၉၆၀ ဝန်းကျင် စစ်အုပ်ချုပ်ရေးလက်ထက် သီပေါစော်ဘွား စပ်ကြာဆိုင်မိသားစုရဲ့ နိုင်ငံရေးနောက်ခံသမိုင်းကို ဖော်ကျူးထားတဲ့ ဒီရုပ်ရှင်မှာ စစ်တပ်ရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ဖော်ကျူးထားတာကြောင့် ဖြစ်မယ်လို့ ရုပ်ရှင်ပွဲတော် တာဝန်ရှိသူတွေက ပြောပါတယ်။

“Film Classification Board ရုပ်ရှင်ဆင်ဆာသတ်မှတ်ရေးအဖွဲ့က မနေ့ကမှပေါ့နော် သူတို့ရဲ့ ဆင်ဆာအဆင့်အတန်း သတ်မှတ်ချက် စာရွက် ထွက်လာပါတယ်။ ခွင့်မပြုဘူးပေါ့။ သူတို့ရဲ့မှတ်ချက်က ဘာလဲဆိုတော့ ဒီရုပ်ရှင်မှာ ရှမ်းအမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့အခန်းတွေ ပါတယ် မြန်မာစစ်သားတွေကပေါ့နော်။ ပြီးတော့ အဲဒီဟာက ကျမတို့နိုင်ငံရဲ့ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ပေါ့။ အဲဒါကြောင့် မပြသသင့်ပါဘူးဆိုတဲ့ မှတ်ချက်နဲ့ ထွက်လာတယ်။ ကျမတို့ ဒီဟာကို လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ကတည်းက သိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျမတို့ ဝန်ကြီးကတဆင့် ထပ်ကြိုးစားနေခဲ့တာပေါ့နော်။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာတော့ မရခဲ့ပါဘူး။”

လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာက ရုပ်ရှင်တွေကိုပါ ပါဝင်ပြသတဲ့ ဒီရုပ်ရှင်ပွဲတော်ဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံး ရုပ်ရှင်ပွဲတော် ဖြစ်လာနေပါပြီ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လူအများမသိသေးတဲ့ အကြောင်းအရာ ဇာတ်လမ်းတွေကို ဖော်ထုတ်တင်ပြထားတဲ့ တက်ကြွတဲ့ လူငယ်ရုပ်ရှင်ရိုက်ကူးသူတွေ ထွက်ပေါ်လာတာဟာ ဒီရုပ်ရှင်ပွဲတော်ရဲ့ အဓိက အကျိုးအမြတ် ဖြစ်တယ်လို့ ရုပ်ရှင်ပွဲတော် စီစဉ်သူတဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံတာဝန်ရှိသူတွေက ပြောပါတယ်။

“ဥပမာတခုပြောရရင် ကျမတို့ရဲ့ နှစ်စဉ်ပြုလုပ်တဲ့ လူ့အခွင့်အရေးရုပ်ရှင် ထုတ်လုပ်ရေးသင်တန်းကျောင်းပေါ့နော် အဲဒီသင်တန်းကျောင်းမှာ ကျမတို့ ခေါ်လို့ရှိရင် အသက် ၁၈ ကနေ ၃၀ အတွင်း လူငယ်တွေကိုပဲ ခေါ်ပါတယ်။ ဒါကြောင့်မို့လို့ လူငယ်ဒါရိုက်တာတွေကို ကျမတို့ကျောင်းကနေ မွေးထုတ်ပေးတဲ့ လူငယ်ဒါရိုက်တာပေါင်း ၃၆ ယောက်ရှိပါပြီ။ ဒါကလည်း လူငယ်တွေကြားထဲမှာ ရုပ်ရှင်ဖန်တီးမှုအပြင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ လူ့အခွင့်အရေး အကြောင်းအရာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုတွေ ပိုပြီးတော့ တိုးပွားလာတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ အဲဒီအပြင် လူငယ်တွေထဲမှာလည်း တိုင်းရင်းသားလူငယ်တွေပါတယ်။ အမျိုးသမီးတွေပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ ဒေသ၊ ဌာနအသီးသီးက ပုဂ္ဂိုလ်တွေပါတယ်။ နောက်တခါ လူတန်းစားပေါင်းစုံပေါ့နော် အားလုံး ပါဝင်နိုင်အောင်လို့ ကျမတို့က ရွေးချယ်ထားပါတယ်။”

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ အစီအစဉ် တစိတ်တပိုင်းအနေနဲ့ ဆုရ ရုပ်ရှင်ကားတွေကို ရန်ကုန်မြို့အပြင် အခြားမြို့ကြီးတွေနဲ့ နိုင်ငံတကာမှာပါ ပြသတာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော်မှာတော့ ပြည်တွင်းက ရိုက်ကူးတင်ဆက်တဲ့ ကားတွေအပြင်၊ နိုင်ငံတကာ ရုပ်ရှင်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရုပ်ရှင်ကားတွေကို ရန်ကုန်၊ နေပြည်တော်ရုပ်ရှင်ရုံ၊ Junction မော်တင်၊ Junction Square ရုပ်ရှင်ရုံတွေမှာ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး၊ ၁၉ ရက်နေ့မှာ ဆုတွေကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG