သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာထွန်းအောင် လွတ်မြောက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို


(Photo: Amnesty International)
(Photo: Amnesty International)

ရခိုင်ပြည်နယ် မောင်တောမြို့က ရိုဟင်ဂျာမူဆလင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ ရိုဟင်ဂျာဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။

ဒါ့အပြင် ဆက်လက် အဖမ်းဆီးထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အမြန် ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ဒေါက်တာထွန်းအောင်ကို ဇန်နဝါရီလ ၁၉ ရက် တနင်္လာနေ့ညနေ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက် တာပဲ ဖြစ်ပါတယ်။ သူ့ကို အခုလို လွှတ်ပေးတာကို ကြိုဆိုပေမဲ့ သူ့ကိုထောင်ချခဲ့တာဟာ တကယ်တော့ အကြောင်းပြချက် ခိုင်လုံမှုမရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် A.I အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ သုတေသနမှူး Ms. Laura Haigh က ပြောပါတယ်။

“ဒေါက်တာထွန်းအောင်ကို ပြန်လွှတ်ပေးတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် အထူးပဲ ကြိုဆိုပါတယ်။ ပြန်လွတ်လာတဲ့အတွက် သူ့မိသားစုအတွက်လည်း ဝမ်းသာပါတယ်။ သူ့အပေါ် စွဲခဲ့တဲ့အမှုတွေကလည်း အခြေအမြစ် မရှိပါဘူး။ ကျမတို့ လေ့လာချက်အရ မငြိမ်မသက်ဖြစ်မှုကို သူက အေးအေးချမ်းချမ်း ဖြေရှင်းဖို့ ကြိုးစားခဲ့သူပါ။ ဒါပေမဲ့ အာဏာပိုင်တွေက သူ့ကို ရာဇဝတ်မှုတွေနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။”

၂၀၁၂ ခုနှစ်တုန်းက မောင်တောမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူအဖြစ် စွပ်စွဲပြီး ဒေါက်တာ ထွန်းအောင်ကို မြန်မာအစိုးရက အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅-ည)၊ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ပုဒ်မ / ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ပုဒ်မ (၆-က)၊ နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်း ပုဒ်မ (၂၄-က) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁၇) နှစ်အထိ ချမှတ်ကာ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာ အစိုးရက ပြစ်ဒဏ်ကို လျှော့ချထားတာကြောင့် ၂၀၁၅ ဧပြီလထဲမှာ ပြန်လွတ်လာမယ့်သူလည်း ဖြစ်ပါတယ်။

ဒေါက်တာထွန်းအောင် ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကလည်း ကြိုဆိုကြောင်း အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ပြောခွင့်ရသူ Davd Mathieson က ဗွီအိုအေကို ပြောပါတယ်။

“နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ ဒေါက်တာထွန်းအောင် အခုလို ပြန်လွတ်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါဟာ မြန်မာအစိုးရကို ကျေးဇူးတင်ရမယ့် အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖမ်ဆီးထောင်ချထားတဲ့ မြေယာအခွင့်အရေး လှုပ်ရှားသူတွေ လွတ်လပ်စွာ စုဝေး ဆန္ဒပြသူတွေကိုလည်း ပြန်လွှတ်ပေးသင့်ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်း ပြန်လွတ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အခြားအကြောင်းတွေနဲ့ အဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးဖို့ လိုကြောင်း HRW အဖွဲ့လိုပဲ A.I အဖွဲ့ကလည်း တောင်းဆိုလိုက်ပါတယ်။ A.I အဖွဲ့က Ms. Haigh ပြောတာက -

“လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့ကြပြီး ဖမ်းဆီးအပြစ်ပေးခံနေရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေပေါ် စွဲထားတဲ့အမှုတွေကို အဆုံးသတ်ပြီး၊ သူတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။”

ဒေါက်တာထွန်းအောင် (ခေါ်) နူရာဟက်ကို ၂၀၁၂ ဇွန်လတုန်းက မောင်တောမြို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးခွဲမှာ ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက မိသားစုဝင်တွေနဲ့ အဆက်ဖြတ်ထားခဲ့ပါတယ်။ ဒေါက်တာထွန်းအောင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့အတူ A.I အဖွဲ့ကလည်း လှုံ့ဆော်ကြိုးပမ်းခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်တွေကပါ မြန်မာအစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ အင်းစိန်ထောင်က ပြန်လွတ်လာချိန်မှာ သမီးဖြစ်သူ မြနန္ဒအောင်နဲ့ သမက်ဖြစ်သူတို့ လာရောက် တွေ့ဆုံခွင့် ရခဲ့ပါတယ်။

XS
SM
MD
LG