အကျဉ်းထောင်တွေအတွင်းမှာ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ထပ်ပြီး လွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမ္မတထံ မေတ္တာရပ်ခံ တောင်းဆိုလိုက် ပါတယ်။ ကော်မရှင်ရဲ့ အဆိုအရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အရေအတွက်မှာတော့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ပြောနေတဲ့ အရေအတွက်နဲ့ အတော်လေးကို ကွာဟနေပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ လူ့အခွင့်အရေးကော်မရှင်က သမ္မတ ဦးသိန်းစိန်ဆီ အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ မေတ္တာရပ်ခံတဲ့ အိတ်ဖွင့်ပေးစာထဲမှာ အချက် ၈ ချက်ပါဝင်သလို ဒီတောင်းဆိုချက်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ လ ၁၀ ရက်နေ့တုန်းက ပထမဆုံးအကြိမ်အဖြစ် အခုလိုပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့အပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးခဲ့တာပါ။ ဒါကြောင့်မို့ အခုတစ်ကြိမ်ထပ်ပြီး တောင်းဆိုလိုက်တဲ့ အတွက် လာမယ့်ရက်တွေမှာ နောက်ထပ် အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေနဲ့ မျှော်လင့်ချက်တွေ အများအပြား ဖြစ်နေကြပါတယ်။
လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေဟာ ထောင်တွေထဲမှာ ကျန်နေသေးသလို နိုင်ငံရဲ့အေးချမ်းသာယာမှုနဲ့ အမျိုးသား အကျိုးစီးပွားအတွက် အန္တရာယ်မရှိနိုင်တဲ့ အကျဉ်းသားတွေကိုပါ ထည့်သွင်းစဉ်းစားပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တောင်းခံထားပြီး ဒါဟာ နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
“ခန့်မှန်းလို့တော့မရဘူးပေါ့နော်။ ဒါက အာဏာပိုင်တွေအနေနဲ့ သင့်လျော်တဲ့အချိန်မှာ သင့်လျော်တဲ့ အရေအတွက်ကို လွှတ်ပေးမှာပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ခန့်မှန်းလို့ မရဘူးပေါ့နော်။ ကျနော်တို့ကတော့ ကျန်တဲ့သူတွေကို လွှတ်ပေးပါဆိုပြီးတော့ မေတ္တာရပ်ခံတာပါ။”
မြန်မာနိုင်ငံထဲကလာတဲ့ ရိုက်တာသတင်းတစ်ပုဒ်မှာတော့ သိပ်မကြာခင် ရက်ပိုင်းတွင်း အကျဉ်းသားတွေ လွတ်ပေးဖို့ ပြင်ဆင်နေပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါလာမယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီး ဌာနက အကြီးတန်းတာဝန်ရှိသူကို ကိုးကားပြီးရေးထားပါတယ်။ ပြည်တွင်းကလာတဲ့ အေအက်ဖ်ပီ သတင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးမယ့် ကြေညာချက်ကို တနင်္လာနေ့မှာ ထုတ်ပြန်မယ်လို့ အမည်မဖော်လိုတဲ့ အစိုးရတာဝန်ရှိသူကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒါပေမဲ့ သူတို့ လူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တွေ့ဆုံပြီး တောင်းခံထားတဲ့ စာရင်းအရဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူစာရင်းဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြောနေတဲ့ စာရင်းတွေနဲ့ ကွာနေတယ်လို့ ပြောပါတယ်။
“၂,၀၀၀…၂,၀၀၀ ဆိုပြီးတောပဲ ပြောနေကြတယ်လေ။ အဲဒါကတော့ မဟုတ်ဘူးဆိုတဲ့ဟာကို ကျနော်တို့ ပြောပြချင်ပါတယ်။ တကယ်တော့ ၅၀၀ လောက်ပဲ ရှိတယ်လို့ စုံစမ်းသိရှိရတယ်။ အဲဒီထဲကနေပြီးတော့ အရင်တခေါက်ကလွှတ်လိုက်တဲ့အခါမှာ ၂၀၀ ကျော်လောက်က ပါသွားပြီဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျန်တဲ့ဥစ္စာဆိုရင် တွက်ချက်နိုင်တဲ့အနေအထား ရှိပါတယ်။ ဒီလိုဖြစ်နေပေမဲ့ အပြင်မှာကတော ၂,၀၀၀ နီးပါးလို့ပဲ ပြောနေသေးတယ်ပေါ့နော်။ ဒါလေးကို နည်းနည်း ရှင်းလင်းသွားအောင် လုပ်ပြီးတဲ့အခါမှာ ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။”
လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPPB) ကတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး ပြစ်ဒဏ်ပေးနိုင်ဖို့ အတွက် နိုင်ငံရေးဆိုင်ရာ ပုဒ်မတွေနဲ့မဟုတ်ဘဲ ပြစ်မှုဆိုင်ရာပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေကို မတွက်ထားတာကြောင့် အခုလို စာရင်းကွာနေတာ ဖြစ်တယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ထောက်ပြပါတယ်။
“ကျနော်တို့ AAPPB ကနေပြီးတော့ ထပ်ခါတလဲလဲ စုဆောင်းထားတဲ့ စာရင်းရှိပါတယ်။ အဲဒါက နောက်ဆုံး ကျနော်တို့ ၁,၆၆၇ ဦးကျန်နေပါသေးတယ်။ ဥပမာ ကျနော်တို့ ရခိုင်ကအမတ် ဦးကျော်မင်း မိသားစုဆိုရင် ဒါဟာ နိုင်ငံရေးကိစ္စနဲ့သက်သက်ကို တခြားပုဒ်မတွေနဲ့ ချိန်ပြီးတော့ ထောင်ချထားတဲ့ဥစ္စာပါ။ ဦးကျော်မင်း ဆိုရင် လဝက ပုဒ်မတို့၊ နိုင်ငံသားဖြစ်မှုအပေါ်မှာ လိမ်လည်ထားတဲ့ပုဒ်မတို့၊ အဲဒီပုဒ်မတွေနဲ့ ချထားပါတယ်။ အဲဒီဟာမျိုးတွေကို သူတို့က မထည့်ထားတဲ့အခါကျတော့ ကျနော်တို့စာရင်းနဲ့ အဲဒီလောက်ကွာနေတာ ဖြစ်တယ်။ အခုဆိုရင် သူတို့ပြောတဲ့စာရင်းနဲ့ ကျနော်တို့စာရင်းနဲ့ ၃ ဆလောက် ကွာနေတာဖြစ်တယ်။”
AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင် ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် NLD ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း သူတို့ပြုစုထားတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းထုတ်ပြန်ဖို့ လိုတယ်လို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းကပြောပါတယ်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ကျန်သေးတယ် ဆိုတဲ့စာရင်းကို ကျနော်တို့ ကြိုးစားပြုစုနေတယ်။ ကျနော်တို့ ဖြန့်လည်း ဖြန့်ပေးမယ်။ ဒါပေမဲ့ ကျနော်တို့ အရေအတွက်နဲ့ ပြောရလို့ရှိရင် ကျနော်တို့လည်း နဂိုက ၆၅၀ လောက် ရှိပါတယ်။ အခု ၅၀၀ အောက်မှာရှိပါတယ်။”
NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အခုလို မတူကွဲပြားတဲ့စာရင်းတွေ ရှိနေပေမဲ့ အားလုံးကတော့ နိုင်ငံရေး အကျဉ်းသား ဒါမှမဟုတ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အကျဉ်းထောင်တွေတွင်း ရှိနေသေးသလို သူတို့ အားလုံးကို အမြန်လွှတ်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သဘောထားတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေး ကော်မရှင်ရဲ့စာထဲမှာ အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မလွှတ်ပေးရင်တောင်မှ မိသားစုနဲ့နီးရာထောင်တွေကို ရွှေ့ပြောင်းပေးဖို့ ဆိုတဲ့ တောင်းဆိုချက်ပါဝင်သလို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကလည်း ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အစွန်အဖျားကိုရောက်နေတဲ့ အကျဉ်းကျနေသူတွေကို မိသားစုနဲ့ နီးရာထောင်တွေဆီ ရွှေ့ပြောင်းပေးတာတွေ လုပ်နေပြီလို့ ပြောခဲ့ပါတယ်။