သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကြောင့် သေကြေထိခိုက်ပျက်စီးစာရင်း ကုလထုတ်ပြန် 


{{Zawgyi/Unicode}}

မနှစ်က ဖေဖေါ်ဝါရီမှာ ယူကရိန်းကိုရုရှားကဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစပြီး ကလေးငယ်ရာပေါင်းများစွာအပါအဝင် အရပ်သား ၈,၀၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၃,၂၀၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRMM က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဂျနီဗာကုလရုံးချုပ်က Lisa Schlein ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

စစ်မက်ဖြစ်ပွါးနေတာ အခုဆို တနှစ်နီးပါးရှိလာနေပေမယ့် စစ်ကြီးပြီးမယ့်အရိပ်အယောင် မတွေ့ရသေးဘူးလို့ ကုလသမဂ္ဂအရာရှိတွေက ပြောပါတယ်။ ဒါကြောင့် ယူကရိန်းပြည်သူတွေအနေနဲ့ အခုထက်ပို ခံစားရမှာတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ဆက်ပြီး ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရဖို့ရှိတယ်လို့လည်း သတိပေးပါတယ်။

ယူကရိန်းက ကုလသမဂ္ဂလူ့အခွင့်ရေးစောင့်ကြည့် အဖွဲ့ HRMM အကြီးအကဲ Matilda Bogner ကတော့ သူတို့ ကောက်ယူစုဆောင်းခဲ့တဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ လက်တွေ့ရှိနေတာထက် ပိုနည်းနေတယ်လို့ပြောပါတယ်။ ယူကရိန်းမှာ တိုက်ပွဲဖြစ်ပွါးရာ အဓိကဒေသတခုဖြစ်တဲ့ Mariupol မြို့လိုနေရာမျိုးဆိုသွားလာလို့ မရတဲ့အတွက် အချက်လက်တွေကိုကောင်းကောင်း မကောက်ယူနိုင်သေးဘူးလို့လည်း ပြောပါတယ်။ အခုလို အခက်အခဲတွေ ရှိနေတဲ့ကြားကပဲ သူ့အဖွဲ့သားတွေက မျက်မြင်သက်သေတွေ၊ အသက်မသေကျန်ရစ်သူတွေဆီကနေ အချက်လက်တွေ ဆက်ပြီး စုဆောင်းနေဆဲပဲလို့လည်း ပြောပါတယ်။

“ကျမအဖွဲ့သားတွေက Mariupol က စစ်သုံ့ပန်းဟောင်းတယောက်ကို လူတွေ့မေးမြန်းခဲ့ပါတယ်။ သူက အဲဒီမြို့လမ်းမပေါ်ကအလောင်းတွေကို လိုက်ကောက်ဖို့ အခိုင်းခံရတဲ့ သူပါ။ ရုရှားစစ်သားတွေက သူ့ကို တနေ့မှာ အလောင်း - ထရပ်ကား တစီးစာရအောင် ကောက်ခိုင်းခဲ့တယ်လို့ သူက ပြောသလို Mariupol မှာကလည်း သူတို့ လိုချင်တဲ့ အလောင်း အရေအတွက်ရဖို့ကလည်း မခက်လှဘူးလို့ပါ ပြောပါတယ်။”

ကုလလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့က အဲဒီမှာ ဖြစ်ပွါးနေတဲ့ နိုင်ငံတကာလူ့အခွင့်ရေးဆိုင်ရာ ကျယ်ပြန့်တဲ့ချိုးဖေါက်မှုတွေကို မှတ်တမ်းတင်ခဲ့တယ်လို့ Bogner က ပြောပါတယ်။ ဒီအထဲမှာ ကွပ်မျက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်တာနဲ့ ဆိုးဆိုးဝါးဝါး ဆက်ဆံတာ၊ လိင်မှုအကြမ်းဖက်တာအပြင် အစဖျောက်ပစ်တာနဲ့ တရားမဲ့အဖမ်းဆီးခံရတာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာတွေအတွက် HRMM အဖွဲ့က စောင့်ကြည့် စုံစမ်းမှုတွေလုပ်ပေမယ့် သူတို့အဖွဲ့ဟာ ရာဇဝတ်မှုခင်း စုံစမ်းစစ်ဆေးတဲ့အဖွဲ့ မဟုတ်ဖူးဆိုတာကိုတော့ သတိပြုကြဖို့လည်း သူက ပြောပါတယ်။

“ကျမတို့ ကောက်ယူတဲ့ အချက်အလက်တွေက အဲဒီမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့တာရော၊ ဖြစ်ပွါးတဲ့ ပုံစံတွေကိုပါ ပြနေတာကြောင့် ဒါဟာ နိုင်ငံတကာ တရားစွဲဆိုမှုတွေ အတွက် အသုံးဝင်ပါတယ်။ ဒါ့ပြင် ကျမတို့ ကောက်ယူခဲ့တဲ့ တချို့ ဖြစ်ရပ်တွေ၊ သီးခြားဖြစ်ရပ်တွေဆို နိုင်ငံတကာခုံရုံးတွေကို တင်ဖို့ အတွက် အစိုးရရှေ့နေတွေဘက်က စိတ်ဝင်စားမှု ရှိနိုင်ပါတယ်။”

ယူကရိန်းမှာ ထိခိုက်သေဆုံးရမှု အများစုဟာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့်ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားသလို အောက်တိုဘာ ၁၀ ရက် နောက်ပိုင်းမှာတော့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်လို့လည်း ပြောပါတယ်။

ရုရှားတပ်တွေက ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်တာကြောင့် မြို့ကြီးတွေမှာ မီးမရ ရေမရဘဲဖြစ်နေပါတယ်။

ရုရှားဘက်ခြမ်းမှာတော့ သေဆုံးသူ ၃၀ အပါအဝင် အရပ်သားထိခိုက်သေဆုံးရသူ ၁၆၀ ရှိနေတယ်လို့ ကုလစောင့်ကြည့်အဖွဲ့က သတင်းအချက်အလက်တွေရခဲ့ပေမယ့် ဒီအချက်အလက်တွေကို အတည်ပြုလို့မရနိုင်တာကြောင့် အရေအတွက်အတိအကျကိုတော့ အစီရင်ခံစာမှာ ဖေါ်ပြထားမထားပါဘူး။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}












XS
SM
MD
LG