သုံးရလွယ်ကူစေသည့် Link များ

Unity ဂျာနယ် အရေးယူခံရမှု HRW အစိုးရကို မေးမြန်း

  • ကိုဇော်ဝင်းလှိုင်

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်
မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။ HRW အဖွဲ့နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့်အပါအ၀င် Unity ဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တယ် လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ ကို လေ့လာဖို့ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြင်ပ ဆက်ဆံရေးဆိုင်ရာ ဒုတိယ အမှုဆောင် ညွန်ကြားရေးမှူး Carroll Bogert ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လည်းဖြစ်၊ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

"သမ္မတကြီး ကတော့ ဒီဘက်က ကျနော်တို့လုပ်တာတွေ အကြမ်းဖြဉ်းပဲ ပြောတာပေါ့နော်။ သူတို့ဘက်ကလည်း သူတို့ပြောချင်တာတွေ ပြောပါတယ်။ ဒါပေမဲ့ အချိန်တိုတိုပါပဲ။ သမ္မတကြီးကတော့ ကျန်တဲ့ဟာတွေ အားလုံးကို ဒီနေ့ သူတို့ဝန်ကြီးဌာနတွေကို ခွဲပြီးတော့ သွားတွေ့တဲ့အခါမှာ အသေးစိတ်ကိစ္စတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပါဆိုပြီး သူတို့မှာလိုက်ပါတယ်။"

သမ္မတနဲ့ တွေ့ဆုံတာဟာ Courtesy Call လို့ခေါ်တဲ့ လာရောက် နှုတ်ဆက်ရုံ သက်သက်သာဖြစ်တဲ့အတွက် တွေ့ဆုံချိန်ဟာ တနာရီတောင် မကြာလိုက်ဘူးလို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါ မကြာခင် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ယူနီတီဂျာနယ် အယ်ဒီတာ ဦးတင်ဆန်း သတင်းထောက်တွေ စုစုပေါင်း ၅ ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ပေါက်ကြားစေမှု ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကိစ္စကို HRW အဖွဲ့က ကိုယ်စားလှယ်တွေက မေးမြန်းခဲ့တယ်လို့ ဦးရဲထွဋ် က ပြောပါတယ်။

"ယူနတီ နဲ့ ပတ်သတ်တဲ့ အမှုမေးတော့ ကျနော်တို့လည်း ၃၀ရက်နေ့မှာ တိုင်ချက်ဖွင့်တယ်။ ၁ရက်နေ့မှာ သူတို့ကို ရဲက စုံစမ်းစစ်ဆေးတယ်။ ၁ရက်နေ့ ညနေမှာတော့ တရားရုံးမှာ လျောက်ထားပြီးတော့မှ နှစ်ပတ် ထိန်းသိမ်း စစ်ဆေးဖို့အတွက် ခွင့်ပြုချက် ဥပဒေနဲ့အညီ ယူထားတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ မိသားစု တွေ တွေ့ခွင့် ဘာညာ ရအောင် ရဲကို ပြောပေးထားတယ်။ ရဲကလည်း ဥပဒေနဲ့အညီ လုပ်တယ်။ လွတ်လပ်စွာ သတင်းပြောဆိုခွင့်နဲ့ မဆိုင်ဘူး။ အမျိုးသား လုံခြုံရေးအရ ဆောင်ရွက်ရ တာဖြစ်တယ်။ သို့သော် ဂျာနယ်သမားတွေအနေနဲ့ သူတို့ရဲ့ ဥပဒေပါ အခွင့်အရေးတွေအားလုံး အပြည့်အဝ ရမယ်။ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်မှု ရမှာဖြစ်ပါတယ်လို့ ကျနော်ရှင်းပြခဲ့တယ်။ကျန်တာက ဥပဒေကြောင်းတွေ သူတို့သိချင်တာတွေ မေးပါတယ်။"

ယူနီတီဂျာနယ်က သတင်းထောက်တွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

"ရဲ အရေးပိုင်တဲ့ အမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ၁၆၁နဲ့ ၁၅၄ အရ တိုင်ချက်ကို လက်ခံတယ်။ ပြီးတော့ လာတိုင်တဲ့သူဆီက ကျနော်တို့က ထွက်ချက်ကို ယူတယ်။ အဲ့ဒီ့က ရတဲ့ သတင်းအချက်အလက်
ပေါ်မူတည်ပြီးမှ အဲ့ဒီ့အထဲကို ဝင်တယ်။ ဓာတ်ပုံရိုက်တယ်လို့ ပါဝင်တယ်လို့ ယူဆဟန် ရှိတဲ့သူတွေ အားလုံးကို ကျနော်တို့က ၁ရက်နေ့မှာ ခေါ်ပြီးတော့ မှ မေးမြန်းတယ်။ အဲ့သလိုမေးမြန်းခြင်းကလည်း ရဲပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၅၄အရ ရဲအရေးပိုင်တဲ့ အမှုဖြစ်လို့ ရဲက တိုက်ရိုက် နည်းလမ်းတကျ သွားရှာဖွေခေါ်လာပြီး သူတို့ကိုမေးတယ်။ ပဏာမစစ်ကြောချက်အရ သူတို့ကို ဆက်ပြီးတော့ မေးဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ၂၄နာရီထက် ကျော်လွန်ချုပ်နှောင်မှုမဖြစ်အောင် ၁ရက်နေ့ ညနေမှာ ရန်ကုန်မှာ ခေါ်ထားတဲ့ ၄ယောက်ကိုတော့ ပုဇွန်တောင်တရားရုံးမှာ၊ ပခုက္ကူမှာခေါ်ထားတဲ့သူကိုတော့ သူ့သက်ဆိုင်ရာပေါက်မြို့တရားရုံးမှာ ကျနော်တို့က ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၄ရက်နေ့အထိ ရမာန်ကြီးနှစ်ပတ်ယူပြီးတော့မှ စစ်ဆေးနေတာ။ ဒါ လိုအပ်တဲ့သူပဲ ခေါ်တာပါ။ အမျိုးသမီးလိုဟာမျိုးဆိုရင် မလိုတဲ့အတွက်ကြောင့် မေးပြီးတာနဲ့ သူ့ကို ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တာပဲ။"

ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနီတီဂျာနယ်မှာ ရေးသားဖော်ပြထားသလို ဒီစက်ရုံဟာ ဓါတုပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံမဟုတ်ဘူးလို့ ဦးရဲထွဋ်က ငြင်းဆိုပါတယ်။

"ဒီစက်ရုံဟာ နံပတ်တစ်က သူတို့ပြောတဲ့ ဓာတုဗေဒလက်နက် ထုတ်တဲ့ စက်ရုံ မဟုတ်ပါဘူး။ ကျနော်တို့က ဓာတုဗေဒနဲ့ ဆိုင်တဲ့ ကွန်ဗားရှင်းကို လက်မှတ်ထိုးထားတယ်။ ဒါက ကျနော်တို့က ဒီစက်ရုံက ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ဆက်စပ် ပစ္စည်းတွေ ထုတ်တဲ့စက်ရုံပါ လုပ်ငန်း အတိအကျတော့ ပြောလို့ မရပါဘူးခင်ဗျာ။ ဒီစက်ရုံသည် ကန့်သတ်နယ်မြေဖြစ်တယ်။ ဒီစက်ရုံသည် တားမြစ်ထားတဲ့ ဧရိယာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်အတွင်း လက်ရှိ မြန်မာနိုင်ငံ မှာ ပြုလုပ်နေတဲ့ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စကို အဓိကထား ဆွေးနွေးဖြစ်ကြပြီး သတင်းမီဒီယာလောကမှာ ကျင့်ဝတ်ပိုင်းနဲ့ အတတ်ပညာပိုင်း ဆိုင်ရာမှာ အားနဲချက်ရှိတာတွေကို ပြောပြဖြစ်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

"ပထမဆုံးကတော့ဗျာ။ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ မျှော်မှန်းချက်တွေ၊ မူဘောင်တွေ အားလုံး က UNESCO ရဲ့ Media Indicators တွေပေါ်မူတည်ပြီး ဆွဲထားတဲ့အတွက်ကြောင့်မို့လို့ ဒါတွေအားလုံးကို သူတို့ သဘောတူလက်ခံပါတယ်။ သူတို့သိချင်တဲ့အချက်တွေက အခု ဒီလိုကျနော်တို့ ပြုပြင်ပြောင်းလဲရေးလုပ်လိုက်တဲ့အခါမှာ ကျနော်တို့အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ရသလဲ။ မီဒီယာတွေအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့အခါမှာ ကျင့်သုံးမှုပေါ်မူတည်ပြီး ဘယ်လိုမြင်သလဲ၊ ကျေနပ်မှုရှိသလား ဒီလိုဟာတွေ မေးတဲ့အခါမှာ ကျနော်တို့ဘက်က အကောင်းတွေရှိသလို အတတ်ပညာပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ပြဿနာတွေပေါ်နေတယ် ဒါတွေကိုလည်း ဖြေရှင်းနိုင်အောင် ကြိုးစားနေတယ်ဆိုတာ ကျနော်တို့ ရှင်းပြခဲ့ပါတယ်။"

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဌာနအပါအ၀င် တခြားဝန်ကြီးဌာနတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
HRW အဖွဲ့က ကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့တုန်းကတော့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG