သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အပေါ် ခြိမ်းခြောက်မှုရပ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို HRW တောင်းဆို


မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ခြိမ်းခြောက် အကြပ်ကိုင်တာမျိုးတွေ ချက်ခြင်း ရပ်တန့်ဖို့ဆိုပြီး အမေရိကန်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အထူးသဖြင့် နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ ပြောဆိုမှုတွေကို ခြိမ်းခြောက် ကန့်သတ်တာမျိုး မလုပ်ဖို့ သတိပေးလိုက်တာပါ။ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုတွေကို ကန့်သတ်ချုပ်ခြယ်တဲ့ အဆိုပြုစည်းမျဉ်းတွေကို ကော်မရှင်အနေနဲ့ ပြန်လည်ရုပ်သိမ်းပြီး၊ ဒီလို ကန့်သတ်ချက်မျိုးတွေကို သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့လည်း လူသိရှင်ကြား ပယ်ချဖို့လိုတယ်လို့ HRW အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ဗွီအိုအေကို ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ စစ်တပ်က ပါဝင်ထောက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်က
မန္တလေး လူထုတရားပွဲတခုမှာ ပြောဆိုခဲ့တာဟာ ဖွဲ့စည်းပုံအရ မညီညွတ်ဘူးဆိုပြီး၊ ရွေးကောက်ပွဲ ကော်မရှင်ကနေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခေါင်းဆောင်ဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၂၂ ရက်နေ့က သတိပေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒါဟာ ဖွဲ့စည်းပုံနဲ့ရော နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေနဲ့ပါ ငြိစွန်းမှု မရှိဘူးလို့ ဇွန်လ ၂ ရက်နေ့က တုံ့ပြန်ထားပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးအနေနဲ့ ပြီးခဲ့တဲ့လအတွင်း အခုလို ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် သူဟာ စစ်တပ်လိုလားသူတဦး ဖြစ်တယ်ဆိုပြီးတော့လည်း HRW ကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ ပြောဆိုလှုပ်ရှားမှုတွေကို ကန့်သတ်တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးဆိုင်ရာ စည်းမျဉ်း အတော်များများကိုလည်း
ပြီးခဲ့တဲ့ ဧပြီလအတွင်း ကော်မရှင်က အဆိုပြုခဲ့တယ်လို့ ဆိုထားပါတယ်။

အတိုက်အခံ နိုင်ငံရေးပါတီတွေကို အားယုတ်စေမယ့် ဒီမိုကရေစီ နည်းမကျတဲ့
လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းတွေနဲ့ဆိုရင်တော့၊ အခုလာမယ့် ရွေးကောက်ပွဲတွေကို အများကနေ ဘယ်လိုမှ ယုံကြည် လက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း Brad Adams က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အကုန်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲတခု လုပ်ဖို့ရှိသလို၊ လာမယ့် ၂၀၁၅ မှာတော့ အများ စိတ်ဝင်စားနေကြတဲ့ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေတာပါ။ ဒီမတိုင်ခင်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့
အခရာကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ဆိုပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပူးတွဲပြီး နိုင်ငံအန့ှံ စည်းရုံးလှုံ့ဆော်မှုတွေ လူထုစည်းဝေးပွဲတွေ ပြုလုပ်နေပါတယ်။
XS
SM
MD
LG