သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးဖိနှိပ်တဲ့ ဥပဒေတွေပြင်ဆင်ဖို့ HRW တိုက်တွန်း


HRW အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီလ ၁၊ ၂၀၁၉)
HRW အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ (ဖေဖော်ဝါရီလ ၁၊ ၂၀၁၉)

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းဖွဲ့ခွင့်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် တွေကို ကန့်သတ် ချုပ်ခြယ်တဲ့ ဥပဒေတွေကိုအသုံးပြုပြီး ဖမ်းဆီးထောင်ချနေတာကို ရပ်ပစ်ပြီးတော့ အဲဒီဥပဒေတွေကို ဖြည့်စွက် ပြင်ဆင်ဖို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ Human Rights Watch HRW က မြန်မာအစိုးရကို တိုက်တွန်းလိုက် ပါတယ်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာတွေနဲ့ လူ့အခွင့်အရေးကို သီးခြားစီခွဲထားလို့ မရဘူးလို့လည်း HRW က ထောက်ပြပါ တယ်။ ဒီအကြောင်း HRW ရဲ့သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့က နေ သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် တခြား ဒီမိုကရေစီအခွင့် အရေးတွေ ဆုတ်ယုတ်ကျဆင်းသွားတဲ့ အခြေ အနေတွေကို ပြုစုရေးသားထားတဲ့ “ဖျက်ဆီးခံလိုက်ရသည့် မျှော်လင့်ချက်များ - မြန်မာနိုင်ငံ၌ ငြိမ်းချမ်းစွာ ထုတ်ဖော် ပြောဆိုမှုအား ပြစ်မှုမြောက်စေခြင်း” ဆိုတဲ့ အစီရင်ခံစာအသစ်တခုကို HRW အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက် သောကြာနေ့မှာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း HRW အဖွဲ့ရဲ့ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ်နဲ့ အစီရင်ခံစာပြုစုသူ Linda Lakhdhir က တိုက်တွန်း ပြောဆိုသွားတာပါ။

HRW အဖွဲ့ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ်နဲ့ အစီရင်ခံစာပြုစုသူ Linda Lakhdhir
HRW အဖွဲ့ ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ်နဲ့ အစီရင်ခံစာပြုစုသူ Linda Lakhdhir

“ကျမတို့ရဲ့ အဓိကအကြံပြုချက်ကတော့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေ ကို ဖိနှိပ်ဖို့ ရာဇဝတ်ကြောင်းဥပဒေ တွေကို အသုံးပြုနေတာ ရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို ကျင့်သုံးလို့ လက်ရှိ အကျဉ်းချခံထားရ သူတွေကို ပြန်လွှတ်ပေးဖို့ပါ။ ဒါ့အပြင် ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို ဖိနှိပ် အရေးယူတာမှာ အသုံးပြုခဲ့တဲ့၊ ဆက်ပြီးအသုံးပြုနေတဲ့ ဥပဒေတွေကို ပြင်ဆင်ဖြည့် စွက်ရေး ကြိုးစားဖို့ အလေးအနက် လုပ်ဆောင်ပါလို့ မြန်မာအစိုးရကို တောင်း ဆိုပါတယ်။”

စစ်တပ် ဒါမှမဟုတ် အစိုးရတာဝန်ရှိသူတွေကို ဝေဖန်တာလိုမျိုး အကဲဆတ်တယ်လို့ ယူဆကြတဲ့ ဒါမှမဟုတ် သွားထိလို့မရတဲ့ ကိစ္စတွေကို ဝေဖန်ပြောဆိုရေးသား ထောက်ပြ သူတွေဟာ အန္တရာယ်နဲ့ အထူးသဖြင့် ကြုံကြရတယ်လို့ မစ္စ Lakhdhir က ထောက်ပြပါတယ်။

အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၊ စစ်တပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝင် တွေ ဟာ သူတို့ကိုဝေဖန်သူတွေအပေါ် အဲဒီ ဥပဒေတွေကို အသုံးပြုပြီး တရားစွဲဆိုတာ တွေ ရှိထားသလို သာမန်နိုင်ငံသားတွေဟာလည်း ပုဂ္ဂိုလ်ရေးအငြင်းပွားတာတွေမှာ ဒီ ဥပဒေတွေကို အသုံးပြုပြီး တရားစွဲဆိုနေကြတာကြောင့် ဥပဒေတွေကိုအသုံးပြုတဲ့ ပေါက်ကွဲ သလိုအခြေအနေတခုဖြစ်နေပြီး ရာဇဝတ်ပြစ်မှုမဖြစ်သင့်တဲ့ ကိစ္စရပ်တွေ အတွက် လူတွေ တရားရုံးတက်နေကြရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားသံအမတ်ကြီးတွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေ စတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံပြောဆိုခဲ့တာတွေကနေ အဓိက အချက်တခု ထွက်ပေါ်လာတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က လည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါ တယ်။

“မြန်မာအစိုးရအနေနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပွင့် လင်း မြင်သာမှုတွေကို အလေးအနက် ထားတယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်ကို လေးစားဖို့လိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နိုင်ငံတကာအစီအစဉ်တွေကို လူ့အခွင့်အရေးနဲ့မဆက်စပ်ဘဲ သီးခြားခွဲထားနိုင်တယ် ဆိုပြီး အစိုးရက ထင်ပုံရပါတယ်။ ဒါပေမဲ့ အဲဒါက မမှန်ပါဘူး။”

HRW အဖွဲ့ရဲ့ အခုထုတ်ပြန်တဲ့အစီရင်ခံစာကို ပြုစုရေးသားနေချိန်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရဌာနအသီးသီးကို စာရေး သားပေးပို့ပြီးတော့ ဆွေးနွေးဖို့နဲ့ အချက်အလက်တွေ မေးမြန်းခဲ့ပေမယ့်လည်း အစီရင်ခံ စာ ထုတ်ပြန်ချိန်ထိ ဘယ်လိုတုန့်ပြန်ချက်မျိုးကိုမှ မရခဲ့ဘူးလို့ အစီရင်ခံစာပြုစုရေး သားသူ Linda Lakhdhir က ပြောသွားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာစုဝေးခွင့်တွေ ကို မြန်မာအစိုးရအနေနဲ့ အလေးအနက် သဘောထား လုပ်ဆောင်လာစေရေး ဖိအား ပေးဖို့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ အစိုးရတွေအနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေး ပြောဆို ဖို့လည်း Linda Lakhdhir က တောင်းဆိုသွားပါတယ်။

လူ့အခွင့်အရေးဖိနှိပ်တဲ့ ဥပဒေတွေပြင်ဆင်ဖို့ HRW တိုက်တွန်း
please wait

No media source currently available

0:00 0:03:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG