သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးမှု ကုလမှာရပ်ဖို့ စောသေးကြောင်း HRW တုံ့ပြန်


Human rights watch
Human rights watch

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံကိုယ်စား မိန့်ခွန်းပြောကြားခဲ့တာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်မကင်းဖြစ်နေတာတွေကို အတော်များများ ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီတို့ရဲ့ အစီအစဉ်မှာ ထည့်သွင်းထားဖို့ မလိုအပ်တော့ဘူးလို့ အပြည့်အဝယုံကြည်တဲ့အကြောင်း ပြောကြားသွားပါတယ်။ ဒါပေမယ့် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ရုပ်သိမ်းပေးဖို့ စောလွန်းသေးတယ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တနင်္လာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မိန့်ခွန်းပြောကြားခဲ့ချိန် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထောက်ခံအားပေးမှုတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေမှာ တိုးတက်မှုတွေ ရရှိနေပြီး လူ့အခွင့်အရေးလှေကားထစ်နဲ့ တိုင်းတာရင် မြန်မာနိုင်ငံဟာ အလယ်အဆင့်ကို ရောက်နေပြီး ဒီတိုးတက်မှုဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ခံစားရာမှာ အထောက်အကူပြုစေတယ်လို့ ပြေကြားသွားပါတယ်။

နယူးယောက်ခ် အခြေစိုက် Human Rights Watch အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ ပြောခွင့်ရ ဂျွန် ဆစ်ဖ်တွန် (John Sifton) က မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းဟာ ဓမ္မဓိဌာန်မကျဘူးလို့ ဝေဖန်လိုက်ပါတယ်။

"ပထမဦးဆုံး နိုင်ငံတနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လှေကားထစ်မှာ အလယ်ကို ရောက်နေပြီလို့ ပြောတဲ့အချက်က ဘာကို ဆိုလိုသလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကိုယ့်အနေနဲ့ သတ်မှတ်ပိုင်ခွင့် ရှိပါသလား။ အမှတ်ပေးစာရင်းမှာ ကိုယ့်အမှတ်ကိုယ် ပေးနိုင်ပါသလား။ အရေးကြီးတာက မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို အကဲဖြတ်ခွင့် မရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို ကြည့်မယ်ဆိုရင် ဓမ္မဓိဌာန်ကျကျ သုံးသပ်နိုင်ခြင်းမရှိဘူးလို့ ဆိုရမှာပါ။"

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ သုံးနှစ်သက်တမ်းကာလအတွင်း ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရှေ့ရှုဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လှိုင်းသုံးရပ်ကို စတင်နေပြီး ပထမလှိုင်းဖြစ်တဲ့ စစ်အစိုးရကနေ ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ ဖော်ဆောင်နေပြီဆိုတဲ့ ပြောဆိုချက်ကိုလည်း မစ္စတာ Sifton က ဝေဖန်လိုက်ပါတယ်။

"မမှန်တဲ့အချက်ကို ထောက်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကနေ ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းခဲ့ပြီဆိုတာ ကျနော်တို့ မမြင်တွေ့ရသေးပါဘူး။ အသွင်ကူးပြောင်းမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရပါမယ်။ လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်တွေ ရှိနေတယ်။ လွှတ်တော်ကိုဖျက်သိမ်းဖို့ ဖွဲ့စည်းပုံမှာ အာဏာပေးထားတယ်။ ဒါတွေကို ပြင်ဆင်ရပါလိမ့်မယ်။ မပြင်နိုင်သေးဘူးဆိုရင်တော့ အရပ်ဖက်အုပ်ချုပ်ရေး ကူးပြောင်းနေပြီဆိုတာ ဘယ်မှန်ပါ့မလဲ။"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပထမလှိုင်းအနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံလွတ်လပ်ခွင့်တွေ ဖန်တီးပေးရေးတို့ကို ဖော်ဆောင်နေပြီး ဒုတိယလှိုင်းအဖြစ် နိုင်ငံရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးအပြင် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ပေးနေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသွားပါတယ်။ တတိယလှိုင်းအနေနဲ့ကတော့ နိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ဒီမိုကရေစီနိုင်ငံသစ်အတွက် အခြေခံအုတ်မြစ်ကို စတင်ဆောင်ရွက်နေပြီး အဓိက လူ့အခွင့်အရေး ပြဿနာတွေကို အနည်းနဲ့အများ ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီဆွေးနွေးပွဲ အစီအစဉ်ကနေ မြန်မာနိုင်ငံကို ရုပ်သိမ်းပေးဖို့လည်း အချိန်တန်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မစ္စတာ Sifton ကတော့ အချိန်စောလွန်းသေးတယ်လို့ အခုလို တုံ့ပြန်ပါတယ်။

"ကျနော်တို့အမြင်ကတော့ လူ့အခွင့်အရေးကောင်စီ agenda ကနေ ရုပ်သိမ်းပေးရင် အချိန်စောသေးတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်ခွင့်ပေးမယ်ဆိုရင်၊ ငြိမ်းချမ်းရေးသဘောတူညီမှုကို တိုင်းရင်းသားတွေနဲ့ ရယူနိုင်မယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ ဘာသာရေးအကြမ်းဖက်မှုကိစ္စတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် စသဖြင့်တွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ တမျိုးပေါ့။ လောလောဆယ်မှာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ပေးထားတဲ့ကတိတွေကို ဖြည့်ဆည်းမပေးသေးတာတွေ ရှိနေပါတယ်။"

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပြင် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂမှာ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများအဖွဲ့က ဆွေးနွေးခဲ့သလို လူ့အခွင့်အရေးကောင်စီရဲ့ (၂၇) ကြိမ်မြောက် ညီလာခံမှာလည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး ယန် ဟီးလီဟာ ဇူလိုင်လက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်ကနေ တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးဖို့လည်း ရှိပါတယ်။

XS
SM
MD
LG