သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာမြန်မာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု HRW ဝေဖန်


ရိုက်တာသတင်းဌာနက ဖမ်းဆီးခံရသော မြန်မာသတင်းထောက် ကိုသက်ဦးမောင် နဲ့ ကိုကျော်စိုးဦး
ရိုက်တာသတင်းဌာနက ဖမ်းဆီးခံရသော မြန်မာသတင်းထောက် ကိုသက်ဦးမောင် နဲ့ ကိုကျော်စိုးဦး

ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းရယူဖို့ကြိုးစားတဲ့ ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦးကို အစိုးရက ဖမ်းဆီးလိုက်တာဟာ သတင်း မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch (HRW) က ဝေဖန်လိုက်ပါတယ်။ ပြည်သူအများ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအနေနဲ့ အရင် စစ် အစိုးရတွေ အဆက်ဆက် လုပ်ဆောင်ခဲ့တဲ့ပုံစံအတိုင်း လုပ်ဆောင်တာမျိုး မဖြစ်သင့်သလို ဖမ်ဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ဒီအဖွဲ့က တိုက်တွန်းပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းရယူဖို့ ကြိုးစားတဲ့အတွက် ရိုက်တာ သတင်းဌာနက မြန်မာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရတာဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Human Rights Watch အဖွဲ့က ပြောပါတယ်။ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ ရယူဖို့ ကြိုစားတာဖြစ်ပြီး ဒါဟာ သတင်းထောက်တွေ အနေနဲ့ သူတို့အလုပ် သူတို့ လုပ်တာဖြစ်တယ်လို့ Human Rights Watch အဖွဲ့က ပြောခွင့်ရ John Sifton က ပြောပါတယ်။

“မြန်မာအစိုးရဟာ အရင် စစ်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့အတိုင်း လုပ်နေတာပါ။ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးက သူတို့အလုပ်သူတို့ လုပ်ကြတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကဖြစ်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည် တုံ့ပြန်ခဲ့တဲ့ အခြေအနေတွေကို သတင်းရယူဖို့ ကြိုးစားကြတာပါ။ အခြေအနေတွေသိရဖို့ အစိုးရ ရဲ အရာရှိတွေနဲ့ သူတို့ တွေ့ဆုံမေးမြန်းတယ်…ဒီ ရဲအရာရှိတွေက သူတို့ကို အချက်အလက်တွေပေးတယ်။ ဒါက သတင်းထောက်အလုပ် လုပ် တာပါပဲ။ တရားမဝင်တာ တခုမှမရှိပါဘူး။ တကယ်လို့ ရဲအရာရှိတွေက ဒီသတင်းထောက်တွေနဲ့တွေ့ဆုံခဲ့တာက ပြဿနာရှိတယ်ဆိုရင်လည်း အစိုးရအနေနဲ့ အဲဒီရဲအရာရှိတွေကို အပြစ်ပေးချင်ရင် ပေးလို့ရပါတယ်။ ဒါပေမယ့် လူအများစိတ်ဝင်စားတဲ့ သတင်းအချက်အလက်တွေ ရယူဖို့ ကြိုးစားတဲ့ သတင်းထောက်နှစ်ဦးကို အရေးယူတာကတော့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။”

အခုဖြစ်ရပ်က သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ချိုးဖောက်တာ ဖြစ်သလို၊ အစိုးရအနေနဲ့ တာဝန်ခံမှု ရှိမရှိ ဆိုတာ စောင့်ကြည့်စစ်ဆေးတဲ့ သတင်း အချက်အလက်တွေ ရယူပိုင်ခွင့် ရှိတဲ့ နိုင်ငံသားအခွင့်အရေးကိုပါ ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့လည်း John Sifton က ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း မစ္စတာ Sifton က တောင်းဆိုပါတယ်။

“မြန်မာအစိုးရအနေနဲ့ အခု သတင်းထောက်နှစ်ဦးကိုရော၊ ပြည်သူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခွင့်အရေး တွေကို ကျင့်သုံးတဲ့အတွက် ဖမ်းဆီးခံ ထားရ သူတွေ အားလုံးကိုပါ ပြန် လွှတ်ပေးသင့်ပါတယ်။ အစိုးရကို စောင့်ကြည့်စစ်ဆေးတာဟာ ရာဇဝတ်မှု မြောက်တယ် ဆိုတာမျိုး အခု အစိုးရက လုပ်နေ တာပါ။ ဒါက မမှန်ပါဘူး။ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေတွေအရ အစိုးရနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ရယူပိုင်ခွင့် ရှိပါတယ်။ အစိုးရ အနေနဲ့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ချင်တယ်ဆိုရင် လျှို့ဝှက်ထားလို့ ရပါတယ်။ ဒါပေမဲ့ အဲဒီ လိျှု့ဝှက်အချက်အလက်တွေ သတင်း ထောက်တွေဆီ ပေါက်ကြား သွားတဲ့အတွက်တော့ သတင်းထောက်တွေကို အပြစ်ပေးလို့မရပါဘူး။ အပြစ်ပေးချင်ရင် သတင်းတွေကို ဖောက်ချပေးခဲ့တဲ့ အစိုးရအရာရှိတွေကို အပြစ်ပေးနိုင်ပါတယ်။ တရား ဥပဒေ စိုးမိုးတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ ကျင့်သုံးတာပါပဲ။”

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ်ဘဲ အစိုးရက သတင်းထောက်တွေကို ရန်သူလို ဆက်ဆံနေတာဟာ မှားယွင်းတယ်လို့လည်း John Sifton က ပြောပါတယ်။

“မြန်မာအစိုးရကို ကျနော် ပြောချင်တာက သတင်းမီဒီယာတွေဟာ ရန်သူတွေမဟုတ်ပါ ဘူး။ အစိုးရအတွက်ပဲဖြစ်ဖြစ်၊ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ဖြစ်ပါ။ အစိုးရကို တာဝန်ခံမှု ရှိအောင် သတင်းမီဒီယာတွေက လုပ်ဆောင်ပေးပါတယ်။ အစိုးရအနေနဲ့ ဘာတွေ လုပ်နေတယ် ဆိုတာကို မြန်မာပြည်သူတွေ သိအောင်၊ ရခိုင်မှာဘာတွေဖြစ်ခဲ့ တယ်၊ အစိုးရက ဘယ်လို တုံ့ပြန်ခဲ့တယ်ဆိုတာတွေကို သိအောင် သတင်း မီဒီယာတွေက လုပ်ဆောင်ပေးတာပါ။”

မြန်မာနိုင်ငံအခြေစိုက် ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံး (ခေါ်) ကိုသက်ဦး မောင်မောင် နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို အစိုးရရဲ့ လျှို့ဝှက်အချက် အလက်တွေ ရယူမှုနဲ့ အင်္ဂါနေ့က ဖမ်းဆီးလိုက်တာပါ။ သူတို့နှစ်ဦးဟာ - အကြမ်းဖက် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချဉ်းကပ်စည်းရုံးပြီး သတင်း အချက်အလက်တွေ ရယူခဲ့ကြသလို အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေအတွက် စုဆောင်းခဲ့ တာကြောင်း ဖမ်းဆီးခံထား ရတဲ့အကြောင်း မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ခုလို သတင်းထောက်နှစ်ဦးကို ဖမ်းဆီး အရေးယူထားတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရတဲ့ အကြောင်း ရန်ကုန် အမေရိကန်သံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ အခုဖမ်းဆီးမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းချက်ပေးဖို့နဲ့ ဖမ်ဆီးခံထားရသူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း အမေရိကန်သံရုံးက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG