သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်ခေါင်းဆောင် အသတ်ခံရမှု ဘင်္ဂလားဒေ့ရှ်ကို HRW ဝေဖန်


Rohingya activist Mohib Ullah
Rohingya activist Mohib Ullah

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး ဦးဆောင်ကြိုးပမ်းနေသူ ရိုဟင်ဂျာခေါင်းဆောင် Mohibullah ကခြိမ်းခြောက်မှုတွေခံနေရတယ်လို့ ပြောခဲ့ ပေမဲ့ ဘင်္ဂလားဒေ့်ရှ် အာဏာပိုင်တွေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ HRW တောင်အာရှရေးရာ ညွန်ကြားရေးမှူးက ဗွီအိုအေကို ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတခုမှာ ဗုဒ္ဓဟူးနေ့က အမည်မသိ သေနတ်သမားတွေရဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံခံလိုက်ရတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohibullah နဲ့ ပတ်သက်လို့ HRW တောင်အာရှညွှန်ကြားရေးမှူး Meenakshi Ganguly ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။


ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Cox's Bazar မှာရှိတဲ့ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် အသက် ၄၆ နှစ်အရွယ် Mohibullah ဟာ အမေရိကန်အပါအဝင် နိုင်ငံတကာ ညီလာခံတွေကို တက်ရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းက သူတို့နေရပ်ကို ပြန်နိုင်ရေး ကြိုးပမ်းနေသူဖြစ်တယ်လို့ HRW တောင်အာရှညွှန်ကြားရေးမှူး Meenakshi Ganguly ကဗွီအိုအေကိုပြောပါတယ်။

မြန်မာစစ်တပ်ကနေ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုလုပ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီ ဒုက္ခသည်တွေ ထွက်ပြေးလာချိန်မှာ သူကိုယ်တိုင် Mohibullah နဲ့တွေ့ဆုံခဲ့တယ်လို့လည်း ဆိုပါတယ်။ ရိုဟင်ဂျာအရေးကမ္ဘာသိအောင် ထုတ်ဖေါ်ပြောဆိုနေသူတဦး အသတ်ခံရမှှုမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေမှာ တာဝန်ရှိကြောင်း Meenakshi Ganguly ကအခုလိုပြောပါတယ်။
“အဲဒီအချိန်မှာ ကမ္ဘာကြီးအနေနဲ့ သူ့ကို ကူညီစေချင်တယ်လို့ ကျမကို ပြောပါတယ်။ ကျမကလည်း သူ့ကို ပြန်ပြောတာက ဘယ်လိုအကူအညီတွေလိုအပ်နေသလဲဆိုတာ ကမ္ဘာသိအောင် ထုတ်ဖေါ်ပြောဆိုသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ဒါကို သူအလေးအနက်ထားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတခုထူထောင်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဆောင်ရွက်ခဲ့သလို အမေရိကန်ပြည်ထောင်စုကို ကိုယ်တိုင်လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအရေး ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ သူအသတ်ခံလိုက်ရတာ ဘာကြောင့်လည်းဆိုရင် Mohibullah ကို ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ အုပ်စုအသီးသီးကနေ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်မှုတွေရှိနေတာကို သူကိုယ်တိုင် မကြာခဏသတိပေးပြောဆိုခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဒါကို အလေးထား စစ်ဆေးမှုဆွေမလုပ်ခဲ့သလို သူ့ကိုလည်း အကာအကွယ်မပေးခဲ့ပါဘူး။ တကယ့်ကို ကံဆိုးပါတယ်။”
ဒါအပြင် MohibUllah အပါအဝင် အခြားရိုဟင်ဂျာအရေးလှုပ်ရှားတက်ကြွသူတွေ မကြာခဏထုတ်ဖေါ်ပြောဆိုခဲ့တာတွေက သူတို့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရသလို၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်ကလည်း သူတို့အပေါ် ဖိအားပေးမှုတွေရှိနေတယ်လို့ ပြောခဲ့ကြတယ်လို့ Meenakshi Ganguly ကပြောပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေပြောင်းလဲဖို့ လိုအပ်နေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ သူတို့ကို အကာအကွယ်ပေးသင့်တယ်လို့ ဆိုပါတယ်။
“ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့ တကယ်လိုလားနေတဲ့ ကိုယ့်နေရပ်ကို လုံခြုံစိတ်ချစွာပြန်နိုင်ရေးအတွက် ထုတ်ဖေါ်ပြောဆို၊ စည်းရုံးလှုပ်ရှားမှုတွေမှာ အခွင့်အရေးအပြည့်အဝရှိသလို ဒီအတွက်လည်း လုံခြုံမှုရှိရမယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဘက်က အသိအမှတ်ပြုရမှာဖြစ်ပါတယ်။”
Mohibullah အသတ်ခံရမှုကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးပြီး မျှမျှတတ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့ မျှော်လင့်ကြောင်း Meenakshi Ganguly ကပြောပါတယ်။

သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ Mohibullah ဟာ ရိုဟင်ဂျာ တသန်းနီးပါးရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခေါင်းဆောင်မှုအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေး ဒုက္ခသည်စခန်းတွင်း ထုတ်ဖေါ်တဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်သလို ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အင်တာနက်သုံးလို့မရအောင် တနှစ်ကြာ ဖြတ်တောက်ခဲ့တာကို အကြီးအကျယ် ထုတ်ဖေါ်ဆန္ဒပြမှုမှာ ဦးဆောင်သူဖြစ်တယ်လို့ Meenakshi Ganguly ကပြောပါတယ်။ အခုလို Mohibullah အသတ်ခံရမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စာနာကြောင်း ပြသတဲ့အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ရင်းပြန်ရေးကိစ္စမှာ အားလုံးပါဝင် ကူညီဆောင်ရွက်ကြဖို့ HRW တောင်အာရှညွှန်ကြားရေးမှူး Meenakshi Ganguly ကတိုက်တွန်းသွားပါတယ်။

------------------------------------



XS
SM
MD
LG