သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုကိစ္စ ထိုင်းကို HRW ဝေဖန်


ထိုင်းနိုင်ငံ၊ Songkhla ခရိုင်အတွင်းမှာ တွေ့ခဲ့တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀ ကျော်ရဲ့ ပုပ်ပွနေတဲ့ရုပ်အလောင်းတွေကို ဆွန်ခလဆေးရုံဆီ သယ်ဆောင်နေစဉ်။ (မေ ၁၊ ၂၀၁၅)
ထိုင်းနိုင်ငံ၊ Songkhla ခရိုင်အတွင်းမှာ တွေ့ခဲ့တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃၀ ကျော်ရဲ့ ပုပ်ပွနေတဲ့ရုပ်အလောင်းတွေကို ဆွန်ခလဆေးရုံဆီ သယ်ဆောင်နေစဉ်။ (မေ ၁၊ ၂၀၁၅)

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ လူကုန်ကူးခံလာရတယ်လို့ ယူဆရတဲ့ ရုပ်အလောင်း ၃၀ ကျော်ကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရှာဖွေ တွေ့ခဲ့တဲ့ကိစ္စကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဒီ သေဆုံးမှုမှာ ပါဝင်ပတ်သက်သူတွေကို ဖေါ်ထုတ် အရေးယူသွားဖို့ HRW လို့ ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရုပ်အလောင်း ၃၀ ကျော် ရှာဖွေတွေ့ရှိတယ်ဆိုပြီး မေလ ၁ ရက်နေ့တုန်းက သတင်းတွေ ထွက်ပေါ်လာအပြီးမှာ HRW က မေလ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်၊ (Songkhla) ဆာဒါအို (adao) ဒေသမှာ ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ရဲ့ရုပ်အလောင်းကို သောကြာနေ့တုန်းက ရှာတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အခုရှာတွေ့ခဲ့တဲ့ နေရာဟာ မလေးရှားနယ်စပ်နားမှာဖြစ်ပါတယ်။ ရုပ်အလောင်း တချို့ကို မြေကြီးထဲ မြှုပ်ထားပြီး တချို့အလောင်းတွေကိုတော့ မြေပေါ်မှာ စောင်နဲ့ပဲဖုံးထားတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ဒီ ရုပ်အလောင်း တွေဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကလာတဲ့ ရိုဟင်ဂျာမူဆလင်တွေ ဖြစ်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေ ယူဆထားပါတယ်။ လူ မှောင်ခို ကူးသူတွေက ဒီလူတွေကို ထိန်းသိမ်းထားစဉ်မှာ ရောဂါရပြီး သေဆုံးတာဖြစ်နိုင်တယ်လို့ ထိုင်းရဲ အစီရင်ခံစာတွေက ဆိုကြောင်း HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

HRW အဖွဲ့ရဲ့ဖေါ်ပြချက်အရ လူကုန်ကူးမှု တထောက်နားစခန်းမှာ ဒီလို ရှာတွေ့တဲ့ ရိုဟင်ဂျာမူဆလင် ရုပ်အလောင်းကိစ္စကို လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ပေးဖို့နဲ့ ဒီအမှုမှာ ပတ်သက်သူတွေကို ဖေါ်ထုတ် အရေးယူပေးဖို့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုကြောင်း သူတို့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ Brad Adams ဟာ HRW အဖွဲ့ရဲ့ အာရှဒေသ ဒါရိုက်တာတဦးပါ။

“သူတို့အနေနဲ့ ဒီကိစ္စကို လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု လုပ်ဖို့လိုပါတယ်။ ထိုင်းနိုင်ငံကိုယ်တိုင်က လွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်တာမျိုး မရှိပါဘူး။ အခုလုပ်မယ့်စုံစမ်းစစ်ဆေးမှုတွေမှာ ကုလသမဂ္ဂက ပါဝင်ကူညီဖို့ ကျနော်တို့အကြံပြုပါတယ်။ ရလာတဲ့ အချက်အလက် တွေကို အများသိအောင် တရားဝင်ထုတ်ပြန်ပေးဖို့ လိုသလို၊ အခုသေဆုံးသွားတဲ့ လူ ၃၀ ဝန်းကျင်ကို လူကုန်ကူးတဲ့ကိစ္စမှာ ပါဝင်ပတ်သက် သူတွေကိုလည်း တရားဥပဒေကြောင်းအရ အရေးယူ အပြစ်ပေးဖို့ လိုပါတယ်။”

ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုလုပ်ငန်း ရှိနေခဲ့တာကြာပြီး ဒီလုပ်ငန်းမှာ ထိုင်းအာဏာပိုင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတယ်ဆိုတာ HRW အဖွဲ့က လေ့လာတွေ့ရှိရကြောင်း Brad Adams ကပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေကိုယ်တိုင် လူကုန်ကူးမှုလုပ်ငန်းထဲမှာ ပါဝင်နေကြတာ ရှိပါတယ် ။ ဒါဟာ အံ့သြစရာကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ထိုင်းအစိုးရက ဒီကိစ္စကို သိလျက်သားနဲ့ သေချာ ကိုယ်တွယ်ဖြေရှင်းတာမျိုး အခုချိန်ထိ မရှိသေးပါဘူး။ တချို့ ထိုင်းအာဏာပိုင်တွေဆိုရင် ဒီလူကုန်ကူးမှုနဲ့ ဆက်စပ်ပြီး ချမ်းသာလာကြသူတွေတောင် ရှိပါတယ်။”

ဒါကြောင့် ရိုဟင်ဂျာမူဆလင် ရုပ်အလောင်းတွေ စုံစမ်းစစ်ဆေးမယ့်ကိစ္စမှာ ကုလသမဂ္ဂ ပါဝင်ပတ်သက်ဖို့ HRW အဖွဲ့က တောင်း ဆိုနေတာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရက နောက်ဆုံးထုတ်ခဲ့တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပျက်ကွက်နေဆဲဖြစ်ပြီး အဆိုးဝါးဆုံး အဆင့်မှာရှိတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့ ရခိုင်ဒေသမှာ ဖိနှိပ်ခွဲခြားဆက်ဆံခံရတဲ့ အခြေနေတွေကြောင့် ရိုဟင်ဂျာမူဆလင်ဆိုသူတွေဟာ ထိုင်းနိုင်ငံဘက် ကို ရွှေ့ပြောင်းဝင်လာကြပြီး ထိုင်းနိုင်ငံကလည်း သူတို့ကို တရားမဝင် ရွှေ့ပြောင်းသူတွေအဖြစ် ဆက်ဆံကြကြောင်းနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ မယ်လို့ ခြိမ်းခြောက်ကြောင်း ၊ ထိုင်းအာဏာပိုင်တွေက သူတို့ကို ဘာအကူအညီမှ မပေးဘဲ လူကုန်ကူးသူတွေလက်ထဲ ရောင်းစားတာမျိုးတွေ ရှိကြောင်း HRW အဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီး ချန်အိုချာရဲ့ ထိုင်းစစ်အစိုးရဟာ ဒုက္ခသည်အရေး ကူညီမယ့် UNHCR ကုလသမဂ္ဂအဖွဲ့အစည်းကိုတောင် ထိုင်းနိုင်ငံမှာ လတ်တလော လုပ်ခွင့်မပေးဘဲ တားမြစ်ထားတယ်လို့ HRWကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG