သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြု


အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြု
အကျဉ်းသားတွေကို ရှေ့တန်းမှာ ပေါ်တာအဖြစ် မြန်မာစစ်တပ် အသုံးပြု

မြန်မာအစိုးရ စစ်တပ်က အကျဉ်းသားတွေကို ရှေ့တန်း စစ်မျက်နှာတွေမှာ ပေါ်တာအဖြစ် သုံးနေတာတွေကို ရပ်တန်းက ရပ်ပစ်ဖို့အတွက် နယူးယောက်မြို့ အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့ကြီးနဲ့ KHRG ခေါ် ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့ခြမ်းက ရှေ့တန်း စစ်မျက်နှာတွေမှာ ပေါ်တာအဖြစ် အခိုင်းခံနေရာက ထွက်ပြေး လွတ်မြောက်လာသူတွေရဲ့ ပြောကြားချက်တွေကို အခြေခံပြီး Dead Men Walking လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို ပြုစုပြီး ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ အကျဉ်းသားတွေကို စစ်မြေပြင်အတွက် ပေါ်တာအဖြစ် အသုံးပြုပြီး နှိပ်စက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်တာမို့ ဒီကိစ္စအတွက် နိုင်ငံတကာ ကော်မရှင်ဖွဲ့ စုံစမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒီနေ့ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင် သတင်းယူခဲ့တဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Human Rights Watch အဖွဲ့ကြီးနဲ့ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက ဒီနေ့ ထုတ်ပြန်လိုက်တဲ့ Dead Men Walking လူသေများ လမ်းလျှောက်ခြင်းဆိုတဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် တက်လာခဲ့ပေမဲ့ အရင် စစ်အစိုးရ လက်ထက်ကအတိုင်း လုပ်ဆောင်နေတာတွေကို နိုင်ငံတကာက သိအောင် တင်ပြတာလို့ KHRG အဖွဲ့ တာဝန်ခံ ကိုဖိုးရှမ်းက ဘန်ကောက်က သတင်းထောက်များ အသင်းမှာ အခုလို ပြောကြားခဲ့ပါတယ်။

“အကျဉ်းသားတွေကို မြန်မာစစ်တပ်က ရှေ့တန်းမှာ ပေါ်တာအဖြစ် သုံးပြီးတော့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတဲ့ အပေါ်မှာ ၁၉၉၂ ကတည်းက စပြီးတော့ KHRG က မှတ်တမ်းတင်ခဲ့ပါတယ်။ အခု အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဟာ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသတွေမှာ ၂၀၁၀ ကနေ ၂၀၁၁ ခုနှစ်အတွင်း အစိုးရတပ်က ပေါ်တာအဖြစ် သုံးနေတဲ့ နေရာကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသား ၅၈ ယောက်ကို KHRG က တွေ့ဆုံ မေးမြန်းခဲ့တာတွေကို အခြေခံထားတာ ဖြစ်ပါတယ်။”

ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို အစိုးရ တာဝန်ခံတွေက ရှေ့တန်းကို ခေါ်လာပြီး နှိပ်စက် ညှဉ်းပန်းမှုတွေ လုပ်တဲ့အတွက် ဒါဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ အစီရင်ခံစာ တာဝန်ခံ ကိုစောဖိုးဇော်က ပြောပါတယ်။

“အကျဉ်းသားတွေကို အစိုးရ အာဏာပိုင်တွေ၊ အကျဉ်းထောင် အရာရှိတွေနဲ့ စစ်တပ်အရာရှိတွေ ပူးပေါင်းပြီးတော့ ရှေ့တန်းတွေ ခေါ်လာကြတယ်။ အကျဉ်းသားတွေကို ရှေ့တန်းမှာ ပစ္စည်းတွေသယ်ဖို့ လားတွေ၊ မြင်းတွေလိုမျိုးပဲ၊ လူလိုသဘောမထားတော့ဘူး၊ အလေးအပင်တွေ သယ်ခိုင်းပြီး အစာလည်း ဝအောင် မကျွေးဘူးလို့ ထွက်ပြေးလာတဲ့ အကျဉ်းသားတွေက ပြောပါတယ်။

“တော်တော်ဆိုးတာက အစိုးရတပ်တွေ ဝင်လာတဲ့ အခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ထောင်ထားတဲ့ မိုင်းတွေရှိတယ်။ အဲဒီနေရာတွေ ရောက်တဲ့အခါ ဒီအကျဉ်းသားတွေကို ရှေ့ကနေ သွားခိုင်းတယ်။ မိုင်းထိပြီး သေသွားတဲ့လူ၊ ခြေပြတ်လက်ပြတ်နဲ့ တစစီ ဖြစ်သွားတဲ့ အကျဉ်းသားတွေလည်း ရှိတယ် ဆိုပြီးတော့ ထွက်ပြေးလာတဲ့ အကျဉ်းသားတွေကလည်း ပြောကြတယ်။

“သူတို့ ထွက်ပြေးလို့လည်း မရဘူး၊ ထွက်ပြေးရင်လည်း သူတို့က ပစ်သတ်တယ်ပေါ့။ အခု နိုင်ငံတကာ ဥပဒေအဖွဲ့တွေနဲ့ ကျနော်တို့ ဆွေးနွေးတိုင်ပင်ကြည့်တဲ့ အခါကျတော့ ဒါတွေက တကယ်ပဲ စစ်ရာဇဝတ်မှု မြောက်တယ်ပေါ့။ လူသားတွေအပေါ် လူမဆန်တဲ့ အပြုအမူတွေနဲ့ ကျူးလွန်နေတာပေါ့။ ၂၀၁၀ ဒီဇင်ဘာ ရွေးကောက်ပွဲအပြီး ဖြစ်လာတဲ့ အစိုးရ နောက်ပိုင်း ဒါ အပြစ်ကျူးလွန်တဲ့ဟာတွေ ကျနော်တို့ မှတ်တမ်း တွေ့ရှိရပါတယ်။”

မြန်မာအစိုးရ စစ်တပ်ရဲ့ ပေါ်တာဆွဲပြီး အဓမ္မလုပ်အား ခိုင်းစေနေမှုတွေကို ရပ်ဆိုင်းပစ်ဖို့အတွက် ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီးကလည်း တောင်းဆိုခဲ့ပါတယ်။ Human Rights Watch အဖွဲ့ကြီးရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး အီလိန်း ပီယာစင်ကတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ဒီ ရာဇဝတ်မှု ကျူးလွန်နေတာတွေကို သေသေချာချာ သိရအောင် ပထမဆုံး နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“နိုင်ငံတကာက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မြန်မာစစ်တပ်က ချိုးဖောက်တဲ့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့ ကျမတို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာက ဥပဒေ ချိုးဖောက်ပေမဲ့ အပြစ်ပေးမခံရဘဲ အကာအကွယ် ပေးထားတာကို တွေ့ရပါတယ်။ ဒါကို ၁၉၉၅ ခုနှစ်ကတည်းက ကျမတို့က ထောက်ပြခဲ့တာမို့လည်း ဒီလိုဖြစ်နေတာ ကြာနေပြီလို့ ဆိုရမှာပါ။ ဒီပြဿနာတွေ ပြေလည်စေဖို့အတွက် နိုင်ငံတကာက ပါဝင်ဖြေရှင်းမှ ရမှာပါ။

“ဒါကြောင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးနိုင်အောင်လို့ ကော်မရှင်တရပ် ဖွဲ့ပေးဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေး ကောင်စီကပဲဖြစ်ဖြစ် စပြီးတော့ အရေးယူ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

ဒီလို စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က စတင်ပြီး တောင်းဆိုခဲ့တာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံခဲ့သလို အမေရိကန်နဲ့တကွ EU၊ အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကပါ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့လည်း ပြောပါတယ်။

“မကြာသေးခင်ကပဲ အမေရိကန် လွှတ်တော် ကြားနာစစ်ဆေးပွဲ တခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ သူက နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ထောက်ခံတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့တာပါ။ ဒါကြောင့် အရင်ကတည်းက ကော်မရှင် ဖွဲ့ရေးကို ထောက်ခံထားတဲ့၊ မြန်မာ့အရေးကိုလည်း အာရုံစိုက်ပြီး ဆောင်ရွက်နေတဲ့ အမေရိကန် အစိုးရ အနေနဲ့ အခုထက် ခြေတလှမ်းတိုးပြီး တခြား ကမ္ဘာ့နိုင်ငံတွေပါ ပါဝင်လာအောင် ဦးဆောင် ကြိုးစားပေးဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေနဲ့ အထူးသဖြင့် အာဆီယံကပါ မြန်မာလူထုအတွက် ပံ့ပိုးပေးဖို့လည်း Human Rights Watch အဖွဲ့ကြီးနဲ့ KHRG ကရင် လူ့အခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG