သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနောက်ကြောင်းပြန်မလှည့်ရေး အိုဘားမားတိုက်တွန်းဖို့ HRW တောင်းဆို


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အစိုးရကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ကြောင်း ပြန်မလှည့်ဖို့ ထိထိရောက်ရောက် ပြောဆိုဆွေးနွေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမားခရီးစဉ်အတွင်း မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို မြင်တွေ့နိုင်မယ်လို့လည်း မြန်မာလူထုအခြေပြု အဖွဲ့အစည်းတွေကလည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက်အရ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရောက်နေ့အထိ လာရောက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပမယ့် EAS အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ အမေရိကန် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတို့ကို သမ္မတ အိုဘားမား တက်ရောက်မှာပါ။

နိုဝင်ဘာလ ၁၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ လူငယ်ထုနဲ့ အပြန်အလှန်ဆွေးနွေးမယ့် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင် အစပျိုးလုပ်ဆောင် ဆွေးနွေးပွဲအခမ်းအနားကို သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်မတိုင်ခင် နယူးယောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး အပါအဝင် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်အစီရင်ခံ တင်ပြခဲ့ကြတာပါ။ အိုဘားမားအနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဒီအချက်တွေကိုကိုင်ပြီး စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေး ပြောဆိုဖို့ဖြစ်တယ်လို့ HRW ရဲ့ အာရှရေးရာတာဝန်ခံ John Sifton က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာ့အသွင်ကူးပြောင်းရေးမှာ နောက်ကြောင်းပြန်လှည့်နေတဲ့ အဓိကအချက်တွေကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာတွေ ရပ်တန့်နေတဲ့အခြေအနေတွေ၊ ဒီအတောအတွင်း ဘာသာခြားဖြစ်တဲ့ မူဆလင်တွေကို ပစ်မှတ်ထားပြီး အမုန်းစကားတွေ ပြန့်ပွားအောင် လုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။ တကယ်လို့များ မြန်မာခေါင်းဆောင်တွေဘက်က ဒါတွေကို မှန်မှန်ကန်ကန် မဖြေရှင်းဘူးဆိုရင် သမ္မတ အိုဘားမားအနေနဲ့ ပြောရမှာက မြန်မာဆက်ဆံရေးကို အမေရိကန်ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးဆိုတာရယ် နောက်ပြီး စစ်ရေးဆိုင်ရာ အကူအညီတွေ မပေးဘူးဆိုတာရယ်၊ World Bank တို့လို ကမ္ဘာ့ဘဏ်တွေကို မြန်မာကို ကူညီထောက်ပံ့ဖို့ အားမပေးတာရယ်၊ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒီမိုကရေစီ နည်းလမ်းတကျ လုပ်တာမဟုတ်ဘူး စတဲ့ သတိပေးပြောဆိုချက်တွေကို အိုဘားမားအနေနဲ့ သမ္မတ ဦးသိန်းစိန်ကိုပြောဖို့ HRW တိုက်တွန်းပါတယ်။”

ဒါ့အပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရနိုင်ငံရေးပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မဲစာရင်းမှာ ထည့်သွင်းလိုက်တာကို HRW က ထောက်ခံပေမဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲ စစ်တပ်ခေါင်းဆောင်အားလုံးကိုပါ ဒဏ်ခတ်သင့်တယ်လို့ မြင်ကြောင်း John Sifton က ပြောပါတယ်။

“စစ်တပ်နဲ့နီးစပ်ပြီး သဘောထားတင်းမာသူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့သူတွေဟာ ဒီလိုမျိုး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သတိပေးလိုက်တာပါ။ တကယ်လို့ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်သူတွေကိုတော့ ဒဏ်ခတ်အရေးယူ ပိတ်ဆို့တဲ့စာရင်းကနေ ပယ်ဖျက်ပေးနေပါတယ်။ ဒါဟာ မြန်မာ့အသွင်ကူးပြောင်းရေးကို တွန်းအားပေးတဲ့အနေနဲ့ အမေရိကန်အစိုးရက ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်တဦးချင်းစီကိုပဲ ဖိအားပေးတာမျိုးက မလုံလောက်ပါဘူး။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ့် သမ္မတ အိုဘားမားဟာ သူရဲ့ခရီးစဉ်အတွင်း အသွင်ကူးပြောင်းရေးကာလ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နားလည်သဘောပေါက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရကို ထိထိရောက်ရောက် တိုက်တွန်းနိုင်မယ်လို့ လူထုအခြေပြု အဖွဲ့အစည်းတွေက မျှော်လင့်ထားကြတာပါ။ ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ မဇင်မာအောင်ကတော့ အခုလို ပြောပါတယ်။

“ဒီဘက်မှာဆိုလို့ရှိရင်လည်း အိုဘားမားရဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ပတ်သက်လို့ တော်တော်လေး ဝေဖန်ခံနေရတာတွေ ရှိတယ်ပေါ့နော်။ ကျမအနေနဲ့ကတော့ ဒီခရီးစဉ်ဟာ ခုန ဒီဘက်က သူ့ပြည်တွင်း နိုင်ငံရေးအခြေအနေနဲ့ ဖိအားတွေကို ကျော်လွန်ရုံသက်သက် ဒါမှမဟုတ်လို့ရှိရင်လည်း သံခင်းတမန်ခင်း တွေ့ကြပြီးတော့ စကားလုံး အလှအပတွေထက်ကို ကျော်ပြီးတော့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေနဲ့ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ တကယ့် Agenda တွေပေါ့နော် အဲ့ဒါတွေကို အချိန်နဲ့တကွ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ဟာမျိုးကို မြန်မာအစိုးရတာဝန်ရှိတဲ့သူတွေနဲ့ပေါ့လေ တွေ့တဲ့အခါမှာ တွန်းတွန်းတိုက်တိုက်ပြောမယ်။ ကတိကဝတ်တွေလည်း ရစေချင်တယ်။”

နိုဝင်ဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့ထိ ကြာမယ့် အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံနဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားအတွက် ဒီတခေါက် မြန်မာနိုင်ငံခရီးစဉ်ဟာ ဒုတိယမြောက်ဖြစ်ပြီး ပထမတခေါက် ၂၀၁၂ နိုဝင်ဘာမှာ မြန်မာနိုင်ငံကို လာရောက်တုန်းကလည်း သမ္မတ ဦးသိန်းစိန်ရော၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံ ခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မြန်မာပြည်သူလူထုကို သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားသွားခဲ့ပါတယ်။

XS
SM
MD
LG