သုံးရလွယ်ကူစေသည့် Link များ

နိုင်ကျဉ်းအားလုံး လွှတ်ပေးဖို့ HRW တောင်းဆို


နိုင်ငံရေးအကျဉ်းသားများ သမ္မတ လွှတ်ငြိမ်းချမ်းသာခွင့် ဖြင့် လွှတ်မြောက်လာစဉ် (မေလ ၂၀၁၃)

မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရာနဲ့ချီတဲ့ အကျဉ်းသားတွေအပေါ် တင်ထားတဲ့ စွဲချက်တွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးပြီး ဖမ်းဆီးထားသူတွေကိုလည်း ခြွှင်းချက်မရှိ ပြန်လွတ်ပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ပေးခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ HRW က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား အရေအတွက် တိုးလာနေတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းမှာ အဆိုးရွားဆုံး စွဲချက်တခုဖြစ်တယ်လို့ HRW အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးခါနီး ကောင်းမွန်တဲ့ သမိုင်းအမွေအဖြစ် ချန်ထားခဲ့လိုတယ်ဆိုရင် အခု ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးသင့်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂၈ ယောက် ရှိနေတယ်လို့ AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က ခန့်မှန်းထားပါတယ်။ နောက် ၄၇၂ ယောက်ကတော့ လောလောဆယ်မှာ နိုင်ငံရေးအရ စွဲချက်အတင်ခံနေရတဲ့ ပုံတွေ့နေရပြီး အဲဒီအထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း အဖမ်းခဲခဲ့ရသူ ၂၃ ယောက်လည်း ပါဝင်နေပါတယ်။ ဖမ်းဆီးခံထားရသူ အများစုဟာ ကျောင်းသားတွေ၊ လယ်ယာမြေ အရေးလှုပ်ရှားဆောင်ရွက်သူတွေ၊ သတင်းသမားတွေနဲ့ လူမှုကွန်ယက်တွေပေါ်မှာ အသရေ ဖျက်မှုတွေနဲ့ တရာစွဲခံရတာဖြစ်စေ၊ ဘာသာရေး စော်ကားမှု ကျူးလွန်တယ်ဆိုပြီး တရားစွဲခံရသူတွေဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူ အများစုဟာ ငြိမ်း၊ စု၊ စီ လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ စုဝေးမှုနဲ့ စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ (၁၈) နဲ့ ဖမ်းဆီးခံထားရတာ များတယ်လို့လည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG