သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတတာဝန်ထမ်းဆောင်ခဲ့သူအပေါ် ကာကွယ်ပေးမည့် ဥပဒေကြမ်း HRW ဝေဖန်


မြန်မာနိုင်ငံမှာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို တရားစွဲဆိုမှုကနေ ကင်းလွတ်ခွင့်ရစေမယ့် ဥပဒေကြမ်းတခုကို လွှတ်တော်မှာ အတည်ပြုပြဌာန်းဖို့ အဆိုပြုတာဟာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် မြန်မာလွှတ်တော်အနေနဲ့ အတည်မပြုဖို့ တိုက်တွန်းတဲ့အကြောင်း နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Human Right Watch က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင် က တင်ပြထားပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ “နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း” ဟာ စစ်တပ်နဲ့ အာဏာရပါတီအနေနဲ့ အတိတ်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အရေးယူမခံရအောင် အကာအကွယ်ယူဖို့ ကြိုးစားတဲ့ ဒီဥပဒေကြမ်းကို မြန်မာလွှတ်တော်အနေနဲ့ အတည်မပြုသင့်ဘူးလို့ နယူးယောက်မြို့ အခြေစိုက် Human Rights Watch ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၁၀ အရဆိုရင် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဟာ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလို အလွန်ပြင်းထန်တဲ့ ပြစ်မှုမျိုးတွေကတောင် ကင်းလွတ်ခွင့် ရမှာဖြစ်တဲ့အတွက် ဒါဟာ ခံပြင်းဒေါသထွက်စရာဖြစ်တယ်လို့ Human Rights Watch ရဲ့ အာရှတိုက်ဆိုင်ရာ အကျိုးဆောင် ညွှန်ကြားရေးမှူး John Sifton က ပြောပါတယ်။

“အခုလို မြန်မာ့လွှတ်တော်အနေနဲ့ အချိန်ကုန်ခံပြီး၊ အရင် စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကြိုးစားနေတာဟာ ခံပြင်း ဒေါသထွက်စရာပါပဲ။ တကယ်တော့ သူတို့ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရထားပြီးသားပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ ကြိုးစားမယ့်အစား လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ကြိုးစားသင့်ပါတယ်။”

ဒီဇင်ဘာလ ၂၁ ရက်နေ့က နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ အဲဒီဥပဒေကြမ်းမှာ အခန်း ၅ ခန်းပါဝင်ပြီး၊ အခန်း ၄ ပုဒ်မ ၁၀ မှာ “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတာ် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျှက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းတို့ မရှိစေရ။” လို့ ဖော်ပြပါရှိပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၅ အရ ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကောင်စီ (SLORC) နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (SPDC) အစိုးရ နှစ်ရပ်လုံးက တာဝန်ရှိသူတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားစွဲဆိုမခံရအောင် တားမြစ်ပေးထားတဲ့ အခွင့်အရေး ရထားပြီးသားဖြစ်တဲ့အပြင်၊ စစ်ဘက်နဲ့ဆိုင်တဲ့ တရားစီရင်ရေး ကိစ္စတွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နောက်ဆုံး အဆုံးဖြတ်သာလျှင် အတည်ဖြစ်တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေဟာ အတိတ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကနေ အကာအကွယ်ရပြီး ဖြစ်တယ်လို့ HRW ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

အခုလို နိုင်ငံအဆင့်မှာ ဥပဒေတွေ အတည်ပြု ပြဌာန်းပြီး အကာအကွယ် ရမယ်ဆိုရင်တောင် နိုင်ငံတကာအဆင့် ဥပဒေတွေအရ ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူးလို့လည်း John Sifton က ပြောပါတယ်။

“ပြည်တွင်းမှာ ဥပဒေပြဌာန်းပြီး ပြစ်မှုကင်းလွတ်ခွင့် ယူလိုက်ရုံနဲ့ နိုင်ငံတကာ ဥပဒေတွေက အကာအကွယ် မရနိုင်ပါဘူး။ မြန်မာလွှတ်တော်က နိုင်ငံတကာ ဥပဒေတွေကို ပြောင်းမပေးနိုင်ပါဘူး။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ပြစ်မှုတွေအတွက် ကင်းလွတ်ခွင့်ရတဲ့အရာ ဘယ်အရာမှ မရှိပါဘူး။ ဒီလို ဥပဒေမျိုးဟာ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေနဲ့ မကိုက်ညီပါဘူး။ နိုင်ငံတကာ ဥပဒေအရ သာမန် ရာဇဝတ်မှုတွေနဲ့ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ပြစ်မှုမျိုးတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ပေမယ့်၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေအရ စစ်ရာဇဝတ်မှုနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလို့မရပါဘူး။”

ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေကြမ်းရဲ့ အခြားပုဒ်မတွေမှာ ယခင် သမ္မတ ရာထူးထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ကုန်ကျစရိတ်နဲ့ သက်တော်စောင့်တဦး ရာသက်ပန် ထားရှိပေးဖို့နဲ့ အခြား လုံခြုံရေး အစီအမံတွေ ထားပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

XS
SM
MD
LG