သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့် မြန်မာ ပြုပြင်ပြောင်းလဲရေးအတွက် မလုံလောက် HRW ထောက်ပြ


သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန်နဲ့ အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာတဲ့ အကျဉ်းသားများ (ဧပြီ ၁၇၊ ၂၀၁၈)

မြန်မာနှစ်ဆန်းတရက်နေ့မှာ သမ္မတသစ်က နိုင်ငံရေးအကျဉ်းသား တချို့လွှတ်ပေး လိုက်တာကို ကြိုဆိုပေမယ့် ဒါဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် မလုံလောက်သေးသလို နောင်မှာမတရားတဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးတာမျိုးတွေ မရှိအောင် တားဆီးပေးဖို့ပါ Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အာရှလူ့အခွင့်ရေးအဖွဲ့ ကတော့ သမ္မတသစ်လက်ထက်မှာ တရားရေးကို အရင်ဆုံး ကိုင်တွယ်လာတာတွေ့ရတဲ့အတွက် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးအတွက် အားတက်ကြောင်းပြောပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အခုသမ္မတသစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၈၅၀၀ လောက်ထဲမှာ မတရားပဲ ဖိနှိပ်တဲ့ ဥပဒေတွေနဲ့ အဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၆ ယောက် ပါနေတာအတွက် ကြိုဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားတွေဖြစ်ခဲ့ဘူးတဲ့ လက်ရှိအာဏာရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတသစ် ဦးဝင်းမြင့်တို့အနေနဲ့ မတရားတဲ့ဥပဒေနဲ့အဖမ်းခံနေရသူ အားလုံးကို လွှတ်မပေးတာအတွက် စိတ်ပျက်ကြောင်း HRW အဖွဲ့က Brad Adams က ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသား အားလုံးကို ဘာကြောင့် လွှတ်မပေးနိုင်တာလည်း ဆိုတာ ကျွန်တော်တို့နားမလည်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သမ္မတ တယောက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မပေးပဲ ဘာ့ကြောင့် နဲနဲလေးပဲ လွှတ်ပေးတာပါလဲ။ နောင်မှာ အခုလိုဖမ်းဆီးတာမျိုးတွေ မလုပ်နိုင်အောင်အထိ ဘာကြောင့် မတားဆီးနိုင်တာပါလဲ။ သူတို့ အခုထက်ပိုပြီး လုပ်နိုင်ရက်နဲ့ မလုပ်ပေးတာအတွက် သိပ်ကိုစိတ်ပျက်မိပါတယ်။"

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေ သတင်းသမားတွေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို ရေးသားသူတွေကို ဖိနှိပ်တဲ့ မတရားတဲ့ ဥပဒေတွေကို ဖယ်ရှားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဟောင်ကောင်အခြေစိုက် AHRC အာရှလူ့အခွင့်ရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးကတော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုရေးသားမှုအတွက် လက်ရှိအရေးယူမှု တွေဟာ စစ်တပ်နဲ့ဆက်နွယ်နေတာများပြီး တရားစီရင်ရေးမှာ အုပ်ချုပ်ရေးပိုင်းကို မကျော်လွန်နိုင်သေးတာ တွေ့ရတယ်လို့ ပြောပါတယ်။

"လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးခံရသူတော်တော်များများက တပ်မတော်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ စွပ်စွဲပြောဆိုတယ်ဆိုပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ တော်တော်များများ ကျနော်တို့ တွေ့ရတယ်။ နောက်လူမှုကွန်ယက်တွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုနွမ်းအောင်ပြောတယ်၊ လူကြားတွေထဲမှာ အမုန်းတရားပွားအောင် ဖြန့်ဝေတယ် စတဲ့ပြစ်မှုတွေနဲ့ အရေးယူခံရတာ တော်တော်များများတွေ့ရပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်ကတည်းကလည်း ရှိပါတယ်။ အခုက ပိုပြီးထင်ရှားလာတာက လယ်သမားတွေ ဆန္ဒထုတ်ဖေါ်ရင် အဖမ်းခံရတယ်။ တိုင်တဲ့သူက ဘယ်သူလဲဆိုတော့။ တပ်မတော်ရယ်၊ ဦးပိုင်ရယ်၊ နောက် ဦးပိုင်နဲ့ ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီတွေရယ် ဒါတွေက တရားလိုလုပ်ပြီး အဖမ်းခံရတဲ့ကိစ္စ တော်တော်များများတွေ့ရတယ်။ ဒါကလည်း တရားစီရင်ရေးအပိုင်းမှာ လွတ်လွတ်လပ်လပ် မဆောင်ရွက်သေးတဲ့အပိုင်း၊ အုပ်ချုပ်ရေးအပိုင်းကို မကျော်လွန်နိုင်သေးဘူးလို့ ကျနော်တို့မြင်ပါတယ်။"

စီတန်းလှည့်လည်မှုနဲ့ ဆိုင်တဲ့အရေးယူမှုတွေမှာတော့ ခွင့်ပြုချက်မရယူတဲ့အတွက် အဖမ်းခံရတာအများဆုံးတွေ့ရတာမို့ ဥပဒေကို လူထုဘက်ကလည်း လေးစားဖို့လိုတယ်လို့ ပြောပါတယ်။

"လွတ်လပ်စွာစီတန်းလှည့်လည်ခွင့်နဲ့ ပတ်သက်လို့ရှိရင်လည်း အစိုးရအဆက်ဆက်ပြောင်းလဲလာတာ၊ ပထမတုန်းကတော့ ပြစ်ဒဏ် သုံးနှစ်၊ အဲဒီကနေ တဖြေးဖြေးလျော့လာတာ တနှစ်၊ အခုနောက်ပိုင်းကျတော့ စီတန်းလှည့်လည်တဲ့အခါမှာ ခွင့်ပြုချက်တောင်းရမယ်။ ခွင့်ပြုချက်မတောင်းလို့ရှိရင် အရေးယူမယ်ဆိုတာ လိုမျိုးဖြစ်လာတယ်။ တော်တော်များများအဖမ်းခံရတာလည်း ခွင့်ပြုချက် မတောင်းပဲနဲ့ လုပ်တဲ့ကိစ္စတွေကြောင့် အဖမ်းခံရတယ်လို့ ကျနော်တို့မြင်ပါတယ်။ ပုဒ်မ (၁၉)ပေါ့နော်။"

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လွတ်လပ်တဲ့ တရားစီရင်ရေးလိုအပ်သလို ဥပဒေကြောင်းအရ ပြုပြင်ပြောင်းလဲမှုနဲ့ ဝန်ထမ်းတွေဘက်က ဥပဒေနဲ့ အညီလိုက်နာဆောင်ရွက်ဖို့ပါ လိုအပ်နေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

"ပြစ်မှုဆိုင်ရာ ဥပဒေမှာကအစ ပြင်သင့်တာပေါ့နော်။ ဥပမာ- အဓမ္မပြုကျင့်မှုပေါ့နော်။ လူအများပူပေါင်းပြီးတော့ ကျူးလွန်တဲ့ မုဒိန်းမှုအတွက် ပြဌာန်းထားတဲ့ဥပဒေမရှိသေးဘူး။ နောက်ပြီးတော့ ကလေးသူငယ်အရွယ်တွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ပြဌာန်းသင့်တဲ့ ဥပဒေတွေ၊ ဒီဥစ္စာကလည်း ကလေးသူငယ်ဆိုင်ရာဥပဒေနဲ့ ညှိုနှိုင်းပြီးတော့ အလျင်မြန်ဆုံး ရာဇသတ်ကြီးမှာ ပြင်ဆင်ပြဌာန်းဖို့လိုတယ်။"

အခု သမ္မတသစ် ဦးဝင်းမြင့်ဟာ ဥပဒေကျွမ်းကျင်သူဖြစ်ပြီး တရားရေးကို အရင်ဆုံး ကိုင်တွယ်လာတာတွေ့ရတဲ့အတွက် မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးအတွက် အားတက်တယ်လို့လည်း ပြောပါတယ်။

"သမ္မတကြီး ဦးဝင်းမြင့်ကနေ တက်လာပြီးတဲ့အချိန် မကြာခင်မှာပဲ ရှေ့နေချုပ်တွေ၊ တရားသူကြီးချုပ်တွေ၊ လူ့အခွင့်အရေးကော်မရှင် ကိုခေါ်ပြီးတော့ သတိပေးပြော ကြားခဲ့တယ်ဆိုတော့ ဥပဒေသမားဖြစ်တဲ့အတွက် ဥပဒေနဲ့အညီလုပ်ဖို့၊ ဥပဒေဘောင်ကျော်ပြီး လုပ်လာတဲ့ ကိစ္စရပ်တွေကို အရေးယူဖို့ ပထမဦးဆုံး သတိပေးလိုက်တယ်လို့ပဲ ကျနော်တို့မြင်ပါတယ်။"

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၈၄၉၀ ယောက်ထဲမှာ ၆၀၀၀ ကျော်က မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေသူတွေ ဖြစ်ပြီး နိုင်ငံခြားသားက ၅၀ ကျော်ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG