သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအပေါ် စွဲချက်တွေ ရုပ်သိမ်းဖို့ HRW တိုက်တွန်း


လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အမှတ်တံဆိပ်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အမှတ်တံဆိပ်။
မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေချိန်မှာ မကြာခင်က ငြိမ်းချမ်းရေးအတွက် ချီတက် ဆန္ဒပြသူတွေကို အရေးမယူသင့်ဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း လိုက်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဆန္ဒပြ ပွဲတွေမှာ ပါဝင်ခဲ့သူ ၁၃ ဦးကို မြန်မာအစိုးရကနေ တရားစွဲဆိုထား တာကို ပြန်ရုပ်သိမ်းသင့်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်က ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှာ ငြိမ်းချမ်းစွာ ချီတက် တောင်းဆို ဆန္ဒပြပွဲမှာ ဦးဆောင် စီစဉ်ခဲ့သူနှစ်ဦးကို မြန်မာဒေသခံ အာဏာပိုင်တွေက တရားစွဲဆိုခဲ့တဲ့အပေါ် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြန်ရုပ်သိမ်းပေးဖို့ မနေ့က ကြေညာ ချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဒေးဗစ် မက်သီယိုဆန် - က ဒီတရားစွဲဆိုချက်ဟာ တရားမမျှတတဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ် လို့ ထောက်ပြလိုက်ပါတယ်။

“ဒီလို တရားစွဲမှုတွေဟာ တရားမျှတမှု တကယ့်ကို ရှိတယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဒါကြောင့်မို့ ဒီစွဲဆိုချက်တွေကို ပြန်ပြီးတော့ ရုပ်သိမ်းပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲက ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ခဲ့တာပါ။ အခုဖြစ်ရပ်က မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ခွင့်ပြုဖို့ စိတ်ပိုင်းဖြတ်ထားခြင်း ရှိမရှိဆိုတာကို စမ်းသပ်လိုက်တာပါပဲ။”

မစ္စတာ မက်သီယာဆဲန်ကပဲ ဒီ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ နောက်ထပ် ၁၁ ဦးဟာလည်း ထပ်မံ တရားစွဲ ခံရမယ့် အခြေအနေမှာ ရှိနေတယ်၊ အခုလို မြန်မာအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာချိန်မှာ အထူးသဖြင့် သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်အပြီးမှာ ဒီလို တရားစွဲဖို့ လုပ်တာ က ပြုပြင်ပြောင်းလဲရေးတွေအပေါ် သံသယဖြစ်စေနိုင်တယ်လို့ ဆက်ပြီး ထောက်ပြပြောဆိုသွားပါတယ်။

“အစိုးရအနေနဲ့က ပြုပြင်ပြောင်းလဲရေးတွေကို တကယ်တန်းသက်ဝင်ယုံကြည်မှုရှိတယ်ဆိုရင် အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှုမျိုးကို ခွင့်ပြုပေးသင့်ပါတယ်။ တရားစွဲဆိုတာမျိုး မလုပ်သင့်ပါဘူး။”

တကယ်တော့ ပြီးခဲ့တဲ့နှစ်ပတ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ကချင် ငြိမ်း ချမ်းရေး ကွန်ယက် အဖွဲ့က ဂျော်ကွန်းနဲ့ မမြစံပယ်ဖြူတို့ကို ရန်ကုန်မြို့မှာရှိတဲ့ ဒဂုံမြို့နယ် တရားရုံးက ပြီးခဲ့တဲ့အပတ် စက်တင်ဘာ ၂၈ ရက်၊ သောကြာနေ့မှာ ခုံရုံးတင် စစ်ဆေးခဲ့ ပါတယ်။ နောက်တပတ် ရုံးချိန်းအတွက်တော့ ရှေ့တပတ် အောက်တိုဘာဆယ်ရက်၊ ဗုဒ္ဓဟူးနေ့ကို သတ်မှတ်ပေးလိုက်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒီဆန္ဒပြခဲ့တဲ့ အဖွဲ့အနေနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေအရ အခုလို ဆန္ဒပြဖို့ လိုအပ်တဲ့ အချက်အလက် အပြည့်အစုံနဲ့ ဆန္ဒပြဖို့ တင်ပြ တောင်းခံခဲ့ပေမဲ့ အစိုးရဘက်က ယာဉ်စည်းကမ်းချိုးဖောက်တာနဲ့ မတည်မငြိမ်ဖြစ်နိုင်တာတွေ ကို အကြောင်းပြပယ်ချခဲ့အပြီးမှာ အခုလို ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့လည်း ဒီ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဆက်ပြောပါတယ်။

အခုလို တရားစွဲခံထားရသူတွေနဲ့ တရားစွဲခံရနိုင်ခြေရှိသူတွေရဲ့ နောက်ဆုံးအခြေအနေကို သိရဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဆက်လို့ မရခဲ့ပါဘူး။ Human Rights Watch အဖွဲ့ရဲ့သုတေသီ မက်သီယာ ဆဲန်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ ဆက်တောင်းဆို သွားမယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ သူတို့ရဲ့အစိုးရတွေနဲ့ အာဏာပိုင်တွေကို ဒီကိစ္စ ဆွေးနွေးရှင်းပြပြီး ဥပဒေတွေကို မျှတအောင်လုပ်ဖို့နဲ့ လွတ်လပ်စွာ စုရုံးခွင့်ကို အခြေခံ လူ့အခွင့်အရေးအဖြစ် သတ်မှတ်ကျင့်သုံးနိုင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုပေးရေး တိုက်တွန်း သွားမှာပါ။”

တကယ်တော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတာ အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေကို စတင်ဆောင်ရွက်လာချိန်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံအစိုးရတွေက မြန်မာအစိုးရရဲ့ ပြုပြင် ဆောင်ရွက်မှု တွေကို တစုံတရာ အသိအမှတ်ပြုပြီး ဖိအားပေး ပိတ်ဆို့တာတွေကို တဖြည်းဖြည်း လျှော့ချကာ လူ့အခွင့်အရေး အခြေအနေတွေ ဆက်တိုးတက်လာဖို့အတွက် အပြုသဘော ဆက်ဆံ စွဲဆောင်လာချိန်မှာ ဒီ လူ့အခွင့်အရေးပြဿနာ ကြုံလာရတာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG