သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HSBC ငွေကြေး ခဝါချမှု လျော်ကြေးပေးဖို့ သဘောတူ


ကမ္ဘာ့အကြီးဆုံးဘဏ်ကြီးတွေထဲက တခုဖြစ်တဲ့ HSBC ဘဏ်ကြီးက သူ့ရဲ့ ငွေကြေး ခဝါချမှု ကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန် အာဏာပိုင်တွေကို လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၉၀၀ ပေးလျော်ဖို့အတွက် သဘောတူညီခဲ့ပါတယ်။

HSBC ဗြိတိသျှဘဏ်က ငွေကြေးခဝါချမှု ကျူးလွန်တာကို အစိုးရရှေ့နေတွေက ပြောကြားခဲ့တာပါ။ ဒီဘဏ်ဟာ မက္ကဆီကိုနဲ့ ကိုလံဘီယာ မူးယစ်ဆေး မှောင်ခိုသမားတွေနဲ့ အမေရိကန်အစိုးရက တာဝန် ယူထားတဲ့ နိုင်ငံတွေကိုယ်စား အမေရိကန်အစိုးရရဲ့ ငွေကြေးစံနစ်ကနေတဆင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး ငွေလွဲှပြောင်းမှုတွေ လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်နေတာကို နှစ်ပေါင်း များစွာ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်နိုင်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာန ရာဇဝတ်မှုခင်းဆိုင်ရာ လက်ထောက် ရှေ့နေချုပ် လဲန်နီ ဘရူယာ (Lanny Breuer) က နယူးယောက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် မက္ကဆီကိုက HSBC ဘဏ်ဟာ ငွေအလွဲှအပြောင်း မြန်ဆန်အောင် စီမံပြီး နေ့စဉ် ဒေါ်လာ သိန်းနဲ့ချီပြီး လွဲှပြောင်းလက်ခံယူခဲ့တယ်လို့လည်း နယူးယောက်အရှေ့ပိုင်းဆိုင်ရာ အမေရိကန် ရှေ့နေကြီးက ပြောပါတယ်။

သူတို့အမှုကို နယူးယောက်မြို့၊ ဘရွတ်ကလင်းက ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင်ခဲ့တာ ဖြစ်ပါ တယ်။ HSBC ဘဏ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ မြန်မာ၊ အီရန်၊ လစ်ဗျား၊ ဆူဒန်နဲ့ ကျူးဘားနိုင်ငံတွေနဲ့လည်း ဆက်သွယ် ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါတယ်။
XS
SM
MD
LG