သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူချမ်းသာတွေ အခွန်ရှောင်ဖို့ HSCB ဘဏ်ကူညီမှု တွေ့ရှိ


ဗြိတိန်နိုင်ငံက အကြီးဆုံး ဘဏ်လုပ်ငန်းတခုဖြစ်တဲ့ HSBC ရဲ့ ဆွစ်ဇာလန်ဌာနခွဲဟာ သူဌေးကြီးတွေ အခွန်ရှောင်နိုင်အောင်နဲ့ ဒေါ်လာသန်းပေါင်း ရာ ထောင်ချီတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ပေးထားတာတွေရှိခဲ့တဲ့အကြောင်း သတင်းမှန်တွေကို စုံစမ်းဖော်ထုတ်နေတဲ့ သတင်းထောက် ကွန်ယက် တခုက တွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာက ရာဇဝတ်သားတွေ၊ အကျော်အမော်တွေ၊ နိုင်ငံရေးသမားတွေ၊ တော်ဝင်မိသားစု အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ အားကစားသမားတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အမှုဆောင် အရာရှိကြီးတွေအတွက် HSBC က ဘဏ်စာရင်းတွေ ဖွင့်ပေးထားတဲ့ လွန်ခဲ့တဲ့နှစ် အတော်များများအတွင်းက လျို့ဝှက်မှတ်တမ်းတွေကို ဝါရှင်တန် အခြေစိုက် International Consortium of Investigative Journalists (ICIJ) အဖွဲ့က တနင်္ဂနွေနေ့ကပဲ ဖွင့်ချခဲ့တာပါ။ နိုင်ငံတကာ ရာဇဝတ်သားတွေထဲမှာတော့ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်တွေ၊ လက်နက်ကုန်သည်တွေ၊ ဝရမ်းပြေး ဖြစ်နေကြတဲ့ စိန်ကုန်သည်တွေလည်း ပါဝင်ပါတယ်။

လျို့ဝှက် ဘဏ်မှတ်တမ်းတွေကို ICIJ အဖွဲ့က ပြင်သစ်သတင်းစာ Le Monde ရဲ့ အကူအညီနဲ့ ရယူနိုင်ခဲ့တာပါ။ မှတ်တမ်းတွေထဲမှာတော့ ကမ္ဘာတဝှမ်းက လူပေါင်း တသိန်းကျော်ရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်ပါတယ်။ HSBC ကတော့ ဘဏ်လုပ်ငန်းရဲ့ လိုက်နာဆောင်ရွက်ရမယ့် အပိုင်းတွေမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ICIJ ရဲ့ အစီရင်ခံစာကို တုံ့ပြန်ခဲ့တာပါ။ မကြာသေးခင်နှစ်တွေကစလို့ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်နေပြီး အခုအခါ ပြန်လည် အစီရင်ခံတင်ပြရမယ့် သတ်မှတ်ချက်တွေကိုလည်း တင်းတင်းကျပ်ကျပ် ပြဌာန်းထားတယ်လို့ HSBC ကပြောပါတယ်။ ICIJ ရဲ့ ဖော်ထုတ်မှုကြောင့် ဗြိတိန်နဲ့ ဥရောပတလွှားမှာ အဓိက နိုင်ငံရေး ပြဿနာတခုဖြစ်နေရတဲ့ သူဌေးကြီးတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ရှုပ်ထွေးလှတဲ့ အခွန်စနစ်ကနေ တိမ်းရှောင်နေတာတွေကို အနီးကပ်စောင့်ကြည့်မှုတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

XS
SM
MD
LG