သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမြို့လုံးစစ်ဘေးရှောင်နေရတဲ့ ထန်တလန်မြို့မှာ နေအိမ်တွေ မီးရှို့ခံရ (ဒေသခံ)


ထန်တလန်မြို့တွင်းမီးလောင်ကျွမ်းနေပုံ။ (အောက်တိုဘာ ၂၉ ၊ ၂၀၂၁/ဓာတ်ပုံ ChinLand Post)
ထန်တလန်မြို့တွင်းမီးလောင်ကျွမ်းနေပုံ။ (အောက်တိုဘာ ၂၉ ၊ ၂၀၂၁/ဓာတ်ပုံ ChinLand Post)

{{Zawgyi/Unicode}}

တမြို့လုံး စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့တဲ့အတွက် နေအိမ်တော်တော်များများ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေမှာလည်း အစားအစာအကူအညီလိုအပ်နေ ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် တမြို့လုံး ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ထန်တလန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ တဲ့အတွက် နေအိမ်တွေ မီးလောင်ကျွမ်းတယ်လို့ ထန်တလန်ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ထန်တလန်မှာ စရှို့တယ်ဆိုတာက ရှို့တဲ့အချိန်မှာမရှိဘူးဆိုတော့ အတိအကျတော့ ပြောလို့်တော့မရဘူး။ ၉ နာရီခွဲလောက်ကစပြီး မီးလောင်တယ်လို့ပြောကြတယ်။ ပြီးရင် စလောင်တဲ့အိမ်က ထန်တလန်လမ်းဆုံက CB ဘဏ်နားက စတာ။ သူတို့စစ်တပ်တွေ မီးရှို့တယ်ဆိုတာက ကျနော်တို့ ထန်တလန်မှာက ပြည်သူလူထုက မရှိတော့ဘူး။ စစ်တပ်တွေပဲရှိတော့တာ။ သူတို့ပဲရှိတယ်ဆိုတော့ သူတို့မရှို့ဘဲ ဘယ်သူမှ ရှို့မှာမဟုတ်ဘူးလေ။ လူမှ မရှိတော့တာ။ အခု ပါသွားတဲ့ အိမ်က ၁၂ လုံးရှိပြီ။ အခုလည်းရှိနေတုန်းပဲ။ အဲ့ဒါနဲ့မီးကမငြိမ်းသေးဘူး။ လူလည်းမရှိဘူးဆိုတော့ စစ်တပ်တွေကလည်း မီးကိုမငြိမ်းဘူးဆို ဒီတိုင်းပဲ။ တိုက်ပွဲလည်းမရှိဘူး။ သေနတ်သံလည်း မကြားဘူး။ ဒီတိုင်းပဲ တမင်သက်သက် ရှို့တာပေါ့။”

မနက် ၉ နာရီကျော်ကနေ လောင်ကျွမ်းတဲ့မီးဟာ ညနေ ၄ နာရီ အထိ ငြိမ်းသတ်မည့်သူမရှိဘဲ လောင် ကျွမ်းနေပြီး နေအိမ် အလုံး ၃၀ ကျော် မီးလောင်ကျွမ်းနေပါတယ်။ အခုလို မီးလောင်တာဟာ တိုက်ပွဲဖြစ် ပွားတာကြောင့် မဟုတ်ဘဲ စစ်ကောင်စီတပ်က မီးရှို့တာဖြစ်ပြီး မီးလောင်ပြီးနောက် စစ်ကောင်စီဘက်က သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်တယ်လို့ ထန်တလန် CDF က အတည်ပြုပြောပါတယ်။

ထန်တလန်မြို့နေအိမ်တွေ မီးရှို့ခံရတယ်ဆိုတဲ့ ဒေသခံနဲ့ PDF တို့ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကို မေးမြန်းထားပါတယ်။ သတင်းထုတ်လွှင့်ချိန်အထိ ပြန်ကြားချက်မရရှိသေးပါဘူး။
စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။ စစ်ဘေးရှောင်နေရတာ ၁ လကျော်ကြာမြင့်လာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားသောက်ရေးမှာ အခက်အခဲတွေရှိလာပါတယ်။ လက်ရှိအခက်အခဲတွေကို စစ်ဘေးရှောင်တဦးက အခုလိုပြောပါတယ်။

“တချို့ဒုက္ခသည်တွေက စားစရာမရှိတော့ဘူး။ အစားအစာတွေက တော်တော်လေး ဒုက္ခရောက်ကြတယ်။ အစားအစာရတဲ့နေရာက ဟားခါးနဲ့ထန်တလန် အများအားဖြင့်ယူကြတာပေါ့။ အခုတော့ သွားလို့ မရတော့ဘူး ဖြစ်နေတယ်။ ဟားခါးကလည်း ပစ္စည်းယူလို့မရတော့ဘူး။ ထန်တလန်ကလည်း ပစ္စည်းယူလို့မရတော့ဘူး။ ထန်တလန်ကလည်း အကုန်ထွက်ပြေးကုန်ကြပြီဆိုတော့လေ။ စားစရာတွေ ယူမယ့်နေရာမရှိဘူးဖြစ်နေတယ်။ တချို့ဒုက္ခသည်တွေက သူတို့နေတဲ့နေရာက အိန္ဒိယ နယ်စပ်မှာပေါ့နော်။ အိန္ဒိယနယ်စပ်မှာနေကြတယ်ဆိုတော့လေ။ အဲ့မှာ တချို့တွေက ဒေသထွက် စပါးတွေပေါ့နော်။ အခုတော့ ရိတ်သိမ်းနေပြီ အဲ့ဒါနဲ့စားတယ်။ အိန္ဒိယကနေ ဆက်သွယ်ပြီးတော့ ဆန်တွေဆီတွေ ဝယ်ပြီးစားတယ်။ အဲ့လိုရပ်တည်နေကြတယ်။”

အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ထန်တလန်မြို့ဟာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်တွေနဲ့ ထန်တလန် CDF တို့တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် ၂၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်တာကို ငြိမ်းသတ်တဲ့ သင်းအုပ်ဆရာတဦးမှာ ကျဉ်ဆံထိမှန်ပြီး သေဆုံးခဲ့ရပြီးနောက်ပိုင်း တမြို့လုံး စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=======

{{Unicode}}









=======

XS
SM
MD
LG