သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက်အရာရှိကြီးတွေ ICC ကအရေးယူရေး တကိုယ်တော်ဆန္ဒပြသူအဖမ်းခံရ


ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီ အဖွဲ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ရဲ့ ၂၀၁၄ ပုံရိပ်။
ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီ အဖွဲ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ရဲ့ ၂၀၁၄ ပုံရိပ်။

မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အရေးယူနိုင်ရေး တောင်းဆိုရင်း တကိုယ်တော်ဆန္ဒပြတဲ့သူတဦးကို ဒီနေ့ ရန်ကုန်မှာ အာဏာ ပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီ အဖွဲ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ကိုနိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားတယ်လို့ လည်း သူနဲ့ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက်တွေက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မေခကပေးပို့ထားပါတယ်။

ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီ အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ မြန်မာနိုင်ငံက လူသတ်တရားခံ စစ်ဗိုလ်ချုပ်ကြီးများကို UN နဲ့ ICC မှ အမြန်ဆုံး လာရောက်ဖမ်းဆီးပါ ဆိုတဲ့ ပိုစတာကိုကို ကိုင်ပြီး ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြပြီး မကြာခင်မှာပဲ ကျောက်တံတားစခန်းမှူးနဲ့ တာဝန်ရှိသူတွေက လာခေါ်သွားတာဖြစ်ပါတယ်။ ဒီမိုကရေစီရေး စဉ်ဆက်မပျက်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF အဖွဲ့ ဗဟိုကော်မတီဝင် ကိုမှတ်ကြီးက ကိုထင်ကျော် ဖမ်းခံရတာနဲ့ပတ်သတ်ပြီး အခုလို VOA ကို ပြောပါတယ်။

“၁၁ နာရီခွဲလောက် ဆန္ဒပြတဲ့အချိန်မှာ ကျောက်တံတားစခန်းမှူးက လာရောက်ခေါ်ဆောင် သွားပြီး တော့ ရန်ကင်းစခန်းကိုပို့တယ်။ ရန်ကင်းစခန်းကနေ တရားရုံးကိုပို့တယ်။ ရန်ကင်းတရားရုံးမှာ ရမန်ယူပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ၁၂ နာရီ ၁၅ မှာ အင်းစိန်ထောင်ကိုပို့တယ်။ လောလောဆယ်တော့ ဒီအတိုင်းပဲ သူ့တရားရုံးထွက်နဲ့ တရားရုံးအပြင်မှာ သူရင်ဆိုင်နေရတဲ့ ဟာလေးတွေ ရှိတယ်။ အဲဒီဟာကိုပဲသွားမယ်။ကျန်တာကတော့ လောလောဆယ် ဆုံးဖြတ်ထားတာ မရှိသေးဘူး။”

ဦးထင်ကျော်ဟာ မနေ့ကလည်း ရန်ကင်းမြို့နယ်တွင်းမှာ အခုလို ဆန္ဒပြခဲ့ပါသေးတယ်။ ဒီလိုဆန္ဒပြခဲ့တာ ကြောင့် ကျောက် တံတားကနေ ရန်ကင်းမြို့နယ်ကိုဆက်လက်လွှဲအပ်ခဲ့ပါတယ်။ အခုတော့ အင်းစိန် အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီလို့ ကိုမှတ်ကြီးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အရာရှိကြီးတွေမှာ တာဝန်ရှိ ကြောင်းထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဦးထင်ကျော်က တကိုယ်တော် ဆန္ဒပြခဲ့တာပါ။

မြန်မာအစိုးရဘက်ကတော့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မူလကတည်းက အသိအမှတ်ပြု လက်မခံကြောင်းနဲ့ အစီရင်ခံစာပါဖေါ်ပြချက်တွေကိုလည်း လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။ ပြည်တွင်းမှာ မြန်မာအစိုးရကိုယ်တိုင်က ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG