သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးထင်ကျော်ရဲ့ ဗီယက်နမ်ခရီးစဉ်


မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ ၂ ဦးဟာ မကြာခင်ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်မယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီခရီးစဉ်ဟာ ဗီယက်နမ်သမ္မတ Tran Dai Quang ရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်ဟာ ဒီခရီးစဉ်အတွင်း ဟနွိုင်းမြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပဖို့ရှိတဲ့ ၈ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီးစည်းဝေးပွဲ၊ ၇ ကြိမ်မြောက် ဧရာဝတီ-Chao Phraya-မဲခေါင် မဟာဗြူဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ACMECS) စည်းဝေးပွဲတို့အပြင် ကမ္ဘာ့စီးပွားရေး ညီလာခံ (မဲခေါင်ဒေသ) စည်းဝေးပွဲတွေကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။

နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ ရင်းနှီးမြုပ်နှံမှု အပါအဝင် ဦးစားပေး ပူးပေါင်းရွက်မယ့် ကဏ္ဍ (၁၂) ခုကို သတ်မှတ်ထားကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်ဟာ မြန်မာနိုင်ငံရဲ့ နံပါတ် ၁၀ မြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး၊ ၁၉၈၈ နှစ် စက်တင်ဘာလကစလို့ အမေရိကန်ဒေါ်လာ ၆၈၃ သန်းကျော် ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြားက ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၄၇ သန်းနီးပါး ရှိခဲ့ပြီး အခုနှစ် ပထမ ၇ လအထိ ကုန်သွယ်မှုပမာဏကတော့ ဒေါ်လာ ၂၉၉ သန်း ရှိတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြားက ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် နှစ်ဖက် ကုန်စည်ပွဲတွေ နှစ်စဉ် အပြန်အလှန် ကျင်းပလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG