သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်မှာ ဟူကျင်တောင်း ဝေဖန်ခံရ


အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ခေါင်းဆောင်များနှင့် အတူတွေ့ရသည့် တရုတ်သမ္မတ ဟူကျင်တောင်း။ ဇန်နဝါရီ ၂၀၊ ၂၀၁၁။
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် ခေါင်းဆောင်များနှင့် အတူတွေ့ရသည့် တရုတ်သမ္မတ ဟူကျင်တောင်း။ ဇန်နဝါရီ ၂၀၊ ၂၀၁၁။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ဟာ လူ့အခွင့်အရေးဆိုင်ရာ၊ စီးပွားရေးနဲ့ မြောက်ကိုရီးယားအရေး အပါအဝင် အတိမ်းအစောင်း မခံတဲ့ ကျယ်ပြန့်တဲ့ ပြဿနာရပ် အတော်များများနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က အမေရိကန် လွှတ်တော်မှာ သူ့ကို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး သူနဲ့တကွ အတူလက်တွဲပြီး တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်အမတ်တွေ အကြား စိုးရိမ် စိတ်ပူမှုတွေ တိုးလာနေတာကို တင်ပြခဲ့တယ်လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန် ဘေးနား (John Boehner) က ပြောပါတယ်။

တရုတ်သမ္မတ ဟူကတော့ သူ့နိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့အတွက် အများကြီး လုပ်ဆောင်ရဦးမှာ ဖြစ်ကြောင်း၊ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့အတူ ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ဟူက နောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို မိန့်ခွန်း ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဟာ တနေ့တခြား ကြီးထွားလာနေပေမဲ့ မသေချာ၊ မရေရာမှုတွေ အများအပြား ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စီးပွားရေး သေသေချာချာ နာလန်ထူလာစေဖို့အတွက် တရုတ်နိုင်ငံနဲ့ အမေရိကန် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နှစ်နိုင်ငံကြားက အတိမ်းအစောင်း မခံတဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ရာမှာ သဘောထား ကြီးကြီးနဲ့ အပြန်အလှန် လေးလေးစားစား ဆောင်ရွက်ဖို့ လိုအပ်ပြီး မကိုင်တွယ်တတ်ရင် နှစ်နိုင်ငံ ရေရှည် ပုံမှန် ပြဿနာတွေနဲ့ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဥပမာ တိဘက်နဲ့ ထိုင်ဝမ်ပြဿနာမျိုးတွေ ဖြစ်ပြီး တရုတ်နိုင်ငံက သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG