သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီး Hugo Swire မြန်မာပြည်ရောက်


ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးဝန်ကြီး Hugo Swire ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပြင်
မြန်မာအစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်လာတဲ့ နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့
တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီနှစ်ဟာ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးတဲ့ နှစ်တနှစ်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာလည်း အများကြီး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ အခုတခေါက် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်မှာ တိုးတက်မှုတွေကို မျက်မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်း မစ္စတာ Swire က နေပြည်တော်မှာ ပြောကြားသွားပါတယ်။

သူကပဲဆက်ပြီး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ဆောင်ရွက်စရာတွေ အများကြီး ရှိပြီး၊ ၂၀၁၅ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးက ဘယ်လောက် အရေးကြီးလဲဆိုတာကို အရေးတကြီး အသိပေးချင်ပါတယ်လို့ မစ္စတာ Swire က ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးလည်း ဗြိတိန်အစိုးရအနေနဲ့ အထူးစိုးရိမ်မှု ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်တယ်လို့ မစ္စတာ Swire က ဆိုပါတယ်။ အခုတလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က လူသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး မြင်သာထင်သာရှိတဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ဖို့လည်း မစ္စတာ Swire က တိုက်တွန်းသွားပါတယ်။ ဝန်ကြီး Swire ဟာ မနက်ဖြန်မှာ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး၊ ကြာသပတေးနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG