သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်ရေးတင်းမာ


ဟူးကောင်းချိုင့်ဝှမ်း
ဟူးကောင်းချိုင့်ဝှမ်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA အကြား စစ်ရေးတင်းမာမှုတွေမြင့်တက်လာနေပါတယ်။ KIA က ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း ကန့်သတ်နယ်မြေသတ်မှတ်ပြီး ငါးဖမ်းတာ၊ တောင်ယာလုပ်တာ၊ ရွှေတူးတာတွေကို တားမြစ်လိုက်တဲ့နောက် စစ်ရေးတင်းမာမှုအခြေအနေ ပိုမိုမြင့်တက်လာတာပါ။ ဒီကနေ့မနက်ပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်၊ ဆဒုံးအနီးမှာ စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲ တကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်က ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း အသွားအလာ ကန့်သတ်တာကို KIA တပ်ရင်း ၁၄က ထုတ်ပြန်ခဲ့တဲ့နောက် ဒေသတွင်းမှာ စစ်ရေး တင်းမာမှုတွေ မြင့်တက်လာနေတာပါ။ လက်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်း အခြေအနေကို ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ ဒေသတွင်းအခြေအနေက တင်းမာနေတယ် ပြောရမှာပေါ့။ KIA ကနေပြီးတော့မှ နယ်မြေစိုးမိုးရေးအတွက် သူက ဝါရာဇွပ် ဌာနပြည်သူ့စစ်တို့ရဲ့ နယ်မြေစည်းအပိုင်းအခြားကြားမှာပေါ့နော်။ သတ်မှတ်လာတဲ့ အနေအထားရှိတယ်။ မကျူးကျော်ရ၊ မသွားလာရပေါ့နော်။ ပြည်သူတွေကို သတိပေးတဲ့စာတွေ ထုတ်ပြန်လာတဲ့အပေါ်မှာ တဖက်ကနေပြီးမှလည်း စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာ မြင်ရတယ်ဗျ။”
ဒီကနေ့မှာတော့ ပြည်သူ့စစ်တွေက ကျေးရွာအတွင်း စစ်ဆေးတာတွေရှိသလို အရင်၂ရက်ကတော့ စစ်ကောင်စီက KIA တပ်ရင်း ၁၄ နယ်မြေအတွင်းကို လေကြောင်းက ဗုံးကြဲတာတွေ ရှိကြောင်းလည်း ပြောပါတယ်။
“ ဒီနေ့မှာတော့ ပြည်သူ့စစ်တွေက ရွာထဲ၊ အရပ်ထဲမှာပေါ့နော်။ စစ်ဆေးတာ မေးမြန်းတာ လုပ်လာတာတွေတော့ မြင်ရတယ်ဗျ။ လွန်ခဲ့တဲ့ ၂ရက်က KIA တပ်ရင်း ၁၄ရဲ့ စိုးမိုးဒေသတွေကို လေယာဉ် ၂စီးနဲ့ ၄ကြိမ်ထက် မနည်းပေါ့။ လာပြီးတော့ ဗုံးကြဲသွားတာတွေလည်း ရှိတယ်။ အဲဒီနေ့ ညမှာပဲ တပ်ရင်းကုန်းကနေပြီးတော့ လက်နက်ကြီးတွေ ၂နာရီ၊ ၃နာရီ ခြားပစ်နေတာတွေရှိတယ်။”
KIA တပ်ရင်း ၁၄က ဝါရာဇွပ်ကျေးရွာအုပ်စုအတွင်းက စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်း နောက်ဘက်အခြမ်းနယ်မြေ၊ ရှဒူဇွပ်ရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်း နောက်ဖက်ခြမ်း နယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ကြောင်း ဒီလ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီနယ်မြေအတွင်းမှာ ငါးဖမ်းတာ၊ တောင်ယာလုပ်တာ၊ ရွှေတူးတာတွေကို မလုပ်ဖို့နဲ့ ဒီလ ၂၅ရက်နေ့ နောက်ဆုံး ထားထွက်ခွာဖို့ နဲ့ ဒီလို ကန့်သတ်ရတာဟာ ဌာနေ ပြည်သူ့စစ်တွေက မိုင်းထောင်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခြား ဒေသခံတစ်ဦးက ၂၅ရက်နေ့ နောက်ပိုင်း ဒီကန့်သတ်နယ်မြေအတွင်းကို သွားလာရင် အရေးယူမှာ ဖြစ်ကြောင်းလည်း အခုလိုပြောပါတယ်။
“အဲဒီ ၂၅ရက်နေ့ နောက်ပိုင်းကျတော့ ဘယ်သူမှလည်း မသွားရတော့ဘူး။ ဆက်ပြီးတော့ သွားအုံးမယ်ဆိုရင် သူတို့ဖက်က တာဝန်ယူမှု မရှိတဲ့သဘောပေါ့။ ”
ဒီလ ၂၄ရက်နေ့ စနေနေ့ ညနေပိုင်းမှာတော့ လောဒ်ဂျာရွာဟောင်းဘက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြောင်း ပြောပါတယ်။
ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မြစ်ကြီးနားနဲ့ တနိုင်းသွားတဲ့ လီဒိုလမ်းမှာ KIA တပ်ရင်း ၁၄နဲ့ မင်းဇင်သန့် ဦးဆောင်တဲ့ ဌာနေ ပြည်သူ့စစ်အကြားမှာ ပြီးခဲ့တဲ့နှစ်ကတည်းက အပြန်အလှန်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ တာပါ ။ ဒီနယ်မြေဟာ ပယင်းနဲ့ ရွှေ ထွက်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်း ၁၀နာရီခန့်မှာတော့ ဝိုင်းမော်မြို့နယ် ဆဒုံးအနီးမှာ စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ဆဒုံးရေတံခွန်နဲ့ အင်ဝမ်ကောင်ရွာအကြားက KIA အကောက်ခွန်စခန်းကို စစ်ကောင်စီ စစ်ကြောင်းက တိုက်ခိုက်တာဖြစ်ကြောင်းဖော်ပြပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ ဝိုင်းမော်တိုက်ပွဲနဲ့ပတ်သက်ပြီး ဗဟိုကို သတင်းပေးပို့ လာတာမရှိသေးကြောင်းပြောပါတယ်။
“ ကျနော်တို့ဆီ ဘာမှ မရောက်သေးဘူး။ လိုင်းပေါ်မှာပဲ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့တာ အဲလောက်ပဲ ရှိပါတယ်ခင်ဗျ။ ”
ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်ကလည်း ထူးခြားသတင်း မရရှိကြောင်း ပြောပါတယ်။ ဒီလ ၁၆ရက်နေ့က KIA ဌာနချုပ်၊ လိုင်ဇာအနီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းက နမ့်ဆန်ယန်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG