သုံးရလွယ်ကူစေသည့် Link များ

ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ


ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ
ဟူးကောင်းတောင်ကြား ဒေသခံတို့ လယ်မြေ အသိမ်းခံရ

ကချင်ပြည်နယ် တနိုင်း ဟူးကောင်းချိုင့်ဝှမ်းက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို ယုဇနကုမ္ပဏီရဲ့ လုပ်ငန်းတိုးချ့ဲမှုမှာ မတရား သိမ်းယူခံထားရတဲ့အတွက် ဒေသခံတွေ တရားစွဲဆိုထားသူတွေ အခု ထပ်တိုးလာနေပါတယ်။ အဓမ္မ လယ်ယာမြေ သိမ်းယူမှု ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်တဲ့အတွက် တရားစွဲသူတွေ ထပ်တိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာအမှုတွေနဲ့ ဘယ်လို ထပ်ပြီး တရားစွဲဆိုထားတယ်ဆိုတာ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နူးပန်က တင်ပြထားပါတယ်။

စစ်အစိုးရနဲ့ ပူးပေါင်းပြီး တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို သူ့ရဲ့ စိုက်ပျိုးရေးနယ်မြေ ချဲ့ထွင်ရာမှာ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မတရား သိမ်းယူမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက တရားစွဲဆိုထားတာပါ။

ယုဇနကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေကြောင့် အဆိုးဝါးဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဟူးကောင်းတောင်ကြား ကျေးရွာ ၅ ရွာက လယ်သမားတွေ ၁၀၀ ကျော် လျော်ကြေးရဖို့အတွက် စက်တင်ဘာလကတည်းက မြစ်ကြီးနားမှာ လျှောက်ထားခဲ့ရာကနေ အခု လျော်ကြေးတောင်းသူတွေ ထပ်တိုးလာတာ ဖြစ်ပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လောက် ထပ်တိုးလာတယ် ဆိုတာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေအတွက် ကူညီပေးနေသူ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ နောက်ထပ် တိုးပါသေးတယ်၊ ရွာတွေ၊ ရွာသစ်တွေကရော ဒီ ယုဇနကုမ္ပဏီက ရွာတွေဖျက်ပြီးတော့ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ အဖျက်ခံရတဲ့ ပုဂ္ဂိုလ် နောက်ထပ် အယောက် ၃၀ ရှိသေးတယ်ခင်ဗျ။ ဘာလျော်ကြေးမှ မရသေးသူတွေလို့ ပြောပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ထပ်ဆွဲပေးဖို့လည်း ပြင်ဆင်နေပါတယ် ခင်ဗျ။ အခုဆိုလို့ရှိရင် ၁၇ ယောက် တသုတ်ရယ်၊ အယောက် ၂၀ တသုတ်ရယ်၊ နောက်ထပ်အယောက် ၃၀ တသုတ်ရယ် ပေါ်နေပါတယ်ခင်ဗျ။”

တရားပြိုင်ဘက်ကတော့ ဦးဌေးမြင့် နာမည်ကို အသုံးပြုပြီး တရားမစွဲဘို့ တင်ပေမဲ့ ဒေသခံတွေကတော့ ဥက္ကဋ္ဌတယောက် အနေနဲ့ တာဝန်ရှိသူဖြစ်တယ် ဆိုပြီး လူတွေ ထပ်တိုးပြီး တရားစွဲလာကြတာပါ။ စွဲဆိုခွင့်အတွက် ကိစ္စတွေကို ထပ်ပြီး တရားပြိုင်ကို ခေါ်ထားဆဲဖြစ်ပြီး နောက်ထပ် အယောက် ၃၀ အမှုတင်ထားတာ မတင်ဖြစ်သေးတဲ့အတွက် လာမယ့် တနင်္လာ၊ အင်္ဂါလောက်မှ ပြန်တင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့ နောက်ထပ် ချိန်းထားတာက ၇ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ၁၂ ရက်နေ့ကို တမှု ချိန်းထားပါတယ်။ ဒီနစ်နာကြေးတွေ၊ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်တဲ့ နစ်နာကြေးတွေ ဆွဲထားတဲ့ တပြားမှ နစ်နာကြေး မယူရသေးတဲ့ ၁၇ ယောက်က ဆွဲတာ တမှု၊ ဘာမှ မယူရသေးတဲ့ အယောက် ၂၀ က ဆွဲထားတာ တမှု၊ အဲဒီနှစ်မှုကို ၇ ရက်နေ့တချိန်း၊ ၁၂ ရက်နေ့တချိန်း၊ တရားပြိုင်လာဖို့ ချိန်းထားပါတယ် ခင်ဗျ။”

အခုလို တရားစွဲဆိုရာမှာလည်း အဝေးက ရောက်လာကြတဲ့ ဟူးကောင်း ဒေသခံတွေကို စိတ်ပျက်သွားအောင် ရုံးချိန်းရက်တွေ ကြန့်ကြာအောင် လုပ်နေတယ်လို့ ဒေသခံတွေကို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီပေးနေသူ ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။

“ဒီကိစ္စကတော့ သူတို့လည်း တောင်သူတွေကို ညစ်ပတ်တာလည်း ပါတာပေ့ါလေ။ တောင်သူတွေ ဒုက္ခရောက်အောင်၊ စိတ်ကုန်သွားအောင်၊ အမျိုးမျိုး လုပ်နေတဲ့ ပုံစံမျိုးလည်း ပါတယ်။ ပြီးတော့ ဒီကြားထဲမှာလည်း တောင်သူတွေကို ရွာတွေမှာ လိုက်ညှိတာလည်း ရှိတယ်။ ပိုက်ဆံယူမလားပေ့ါ။ အဲဒီလို ပိုက်ဆံအထုတ်လိုက် ပေးပြီးတော့ ထုတ်ပေးမယ် ဆိုပြီးတော့လည်း လုပ်သေးတယ်။ တချို့လည်း ခြိမ်းခြောက်တာလည်း ရှိသေးတယ်။ ပြီးတော့ အခုလည်း ရုံးချိန်းကို သုံးရက်ချိန်းလိုက်၊ လေးရက်ချိန်းလိုက်၊ အမျိုးမျိုး လှည့်ပတ်လုပ်နေတာက သူတို့ရဲ့ သက်သက် ညစ်ပတ်တဲ့ပုံစံပဲ။”

ဒေသခံတွေရဲ့ လယ်ယာမြေတွေကို အဏာပိုင်တွေနဲ့ ပူးပေါင်းပြီး မရောင်းမနေရ ခြိမ်းခြောက်မှုတွေနဲ့ သိမ်းယူထားတာတွေရှိပြီး တချို့ကိုတော့ ပေါက်ဈေးထက် အဆမတန်လျှော့ပြီး တဧကမှာ ကျပ် ၈၀,၀၀၀ နဲ့သာ ချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုရက်ပိုင်းမှာလည်း ယုဇနကုမ္ပဏီ ဝန်ထမ်း ၅ဝဝ ခန့်ကို တနိုင်းဒေသ ကွပ်ကဲမှုဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ကြီးကြပ်မှုနဲ့ ယုဇန ကုမ္ပဏီရုံးမှာ ပြည်သူ့စစ် သင်တန်းပေးပြီး လက်နက်တွေ ထုတ်ပေးခဲ့တဲ့အတွက် ဒေသခံတွေ ထိတ်လန့်နေတယ်လို့ ပြောပါတယ်။

အခုလို အခက်အခဲကြားမှာ ဒေသခံတွေ အနေနဲ့ တရားစွဲဆိုနေရတဲ့အတွက် ပြသနာတွေ ရှိပေမဲ့ အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်သလို မအောင်မြင်ခဲ့ဘူး ဆိုရင်လည်း အထက်ကို ဆက်တက်သွားမှာ ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ယုဇန ကုမ္ပဏီက ကြံနဲ့ ပလောပီနံ စိုက်ပျိုးရေးအတွက် ချဲ့ထွင်ထားတဲ့ မြေတွေဟာ ဘိုးဘွားစဉ်ဆက် မိသားစုပေါင်း ၂,ဝဝဝ ကျော် လုပ်ကိုင်လာခဲ့တဲ့ မြေစုစုပေါင်း ဧက ၄၀၀,၀၀၀ ကျော် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

လယ်သမားတွေအတွက် နေ့စဉ် စားဝတ်နေရေး လှုပ်ရှားတဲ့ ဘဝတွေ ပျက်စီးသွားခဲ့ရုံသာမက နေအိမ်တွေလည်း ပြောင်းရွှေ့ခံရပြီး ဆက်လက် လုပ်ကိုင်စားသောက်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။

ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်ကတည်းက တနိုင်း ဟူးကောင်းချိုင့်ဝှမ်းမှာ ဝင်ရောက်လာတာဖြစ်ပြီး အဲဒီအချိန်ကတည်းက စလို့ ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူမှု ပြဿနာတွေ ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG