သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးနေ့ မြန်မာ တက်ကြွ လှုပ်ရှားသူတွေ ကျင်းပ


လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးအဖွဲ့ HRDP ရုံးရှေ့ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ။ သတင်းဓာတ်ပုံ- Credit to Ko Zaw Htun FB
လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးအဖွဲ့ HRDP ရုံးရှေ့ လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ။ သတင်းဓာတ်ပုံ- Credit to Ko Zaw Htun FB

လူ့အခွင့်အရေး ကာကွယ်ရေးနဲ့ မြှင့်တင်ရေးအဖွဲ့ HRDP အပေါ် ဒီကနေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပဖို့ နေရာ ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်နေကြ ပါတယ်။ အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ခရစ်ယာန်ဘုရားကျောင်းမှာ ပွဲကျင်းပခွင့် ပိတ်လိုက်ပေ မယ့်လည်း HRDP အဖွဲ့ကတော့ ပွဲဖြစ်မြောက်အောင် ကျင်းပသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်က St. Michael's Anglican ခရစ်ယာန် ဘုရားကျောင်းမှာ ကျင်းပဖို့ လူ့အခွင့်အရေးကာကွယ်ရေးနဲ့ မြှင့်တင်ရေးအဖွဲ့ HRDP က မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ခွင့်ပြုမိန့်တောင်းခံခဲ့ပေမယ့်လည်း ပွဲရက် နီးကပ်မှ ငြင်းပယ် ခံရတယ်လို့ HRDP အဖွဲ့ အမှူဆောင်ဒါရိုက်တာ ဦးမြင့်အေးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ကို နေရာပေးနိုင်မယ့် ကြည့်မြင်တိုင်က St. Michael's Church ဝင်းထဲမှာ လုပ်ဖို့ သဘောတူပြီးသွားပြီ။ အဲဒါကို ၂၄ ရက် ၁၁ လပိုင်းက ကျနော် သူတို့ကို စာတင် ပါတယ်။ ကျနော့်ကို ဒီဇင်ဘာ ၈ ရက်နေ့ ၆ နာရီခွဲမှ ဒါကို ခွင့်မပြုဘူးဆိုတာ ဒါကို အကြောင်းပြန်တယ်ပေါ့။ ခွင့်မပြုနိုင်ဘူးတဲ့။ အဲတော့ ကျနော်တို့ကတော့ ဆက်လုပ်ဖို့ စိတ်ကူးရှိတယ်။ ဆက်လုပ်မှာဖြစ်တယ်။ ဒါပေမယ့် ဘုရားကျောင်းကို သွားပြီးတော့ ဖိအားပေးလိုက်တယ်။ ဘုရားကျောင်းကိုသွားပြီး ဖိအားပေးလိုက်တဲ့ အခါကျတော့ ဘုရားကျောင်းက လက်မခံတော့ဘူး။”

အာဏာပိုင်တွေဘက်က အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ပွဲကျင်းပဖို့ နေရာ ပိတ်ပင်လိုက်ပေမယ့် အရင်အစီအစဉ်တွေအတိုင်းပဲ HRDP ရုံးချုပ် မှာ နေရာပြောင်းရွှေ့ပြီး ကျင်းပ သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပဖို့တောင် ပိတ်ပင်ခံ ရတာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ လူ့အခွင့်အရေးကို ပိုပြီး သိရှိနားလည် လာဖို့ ကြိုးစားရမယ်လို့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းရေးကော်မရှင်က ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်က သုံးသပ်ပါတယ်။

“ဒါကတော့ အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ကိစ္စတခုပါ။ လူ့အခွင့်အရေး ကိစ္စတခုကို လုပ်တဲ့ဟာတောင်မှ အဲဒီလူတွေက ကြောက်နေရာ ရွံ့နေရသေးလို့ရှိရင် လူတယောက်ရဲ့လူ့အခွင့်အရေးကို ရရှိဖို့ဆိုတာကတော့ အများကြီး ဝေးနေသေးတယ်။”

ဒီပွဲကျင်းပခွင့် ပိတ်ပင်ခံရတာနဲ့ ဆက်စပ်ပြီး လက်ရှိမြန်မာနိုင်ငံ တွင်းမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို သုံးသပ်လိုက်ပါတယ်။

“တခြားတိုးတက်လာတာက အခုဆိုလို့ရှိရင် လွှတ်တော်အတွင်းမှာ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ လူ့အခွင့်အရေး ဆိုတာပြောနိုင်သောနေရာ လမ်းကြောင်းတွေ ပေါ်လာတာမျိုးရှိလာတယ်။ တချိန်တည်းမှာပဲ ကျနော်တို့ နိုင်ငံတကာ စာချုပ်တွေလက်မှတ်ထိုးထားတဲ့အရာတွေ တိုးတက်လာတယ်။ ဒါပေမယ့် တကယ်တမ်းပြန်ကြည့်မယ်ဆိုရင် ဒါတွေက လွှတ်တော် အတွင်းနဲ့ နိုင်ငံတကာမှာပဲရှိပြီးတော့ ပြည်တွင်းမှာ ဒါတွေ ကျင့်သုံးမယ်ဆိုရင် အခုအချိန်အထိ အခက်အခဲ၊ အဟန့်အတားတွေ ရှိနေတယ် ဆိုတာကို ဒီကနေ့ တရားဝင်တောင်းဆိုထားတဲ့ တောင်းဆိုချက်ကို ခွင့်ပြုချက် မပြုခြင်းကိုယ်တိုင်က ပထမဆုံးသက်သေပြတာဖြစ်တယ်။

အဲတော့ လက်တွေ့မှာ ကျနော်တို့ ဥပဒေဆိုတဲ့ဟာက လိုရင်တမျိုး၊ မလိုရင်တမျိုး လုပ်ဆောင်နေတာဖြစ်နေတယ်။ အဲတော့ နိုင်ငံတကာနဲ့ လွှတ်တော်အတွင်းမှာ လူ့အခွင့်ရေး အကြောင်းတွေပြောနိုင်ပေ မယ့် နိုင်ငံတကာမှာ တိုးတက်လာတယ်လို့ပြပေမယ့် တကယ့်အောက်ခြေဆင်းလေလေ ကျနော်တို့ပွင့်လင်းမြင်သာမှုတွေ လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီးတော့ လေးစားမှုတွေက အားနည်းနေတုန်းပဲ ဆိုတာကို သေသေချာချာဖော်ပြနေပါတယ်။”

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ကတော့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေတဲ့ မြောင်းမြမြို့မှာပဲ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ ဆက်စပ်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖြစ်တယ်လို့ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အခုလို ပြောပါတယ်။

“ဒီနေ့ကျနော်တို့က ၈ ရက်နေ့မှ ကျနော်တို့က လူ့အခွင့်အရေးနေ့ ကျင်းပပြီးသွားပြီ။ ဒီနေ့မှာတော့ ကျနော်တို့က မန္တလေးမှာ ကော်မရှင် လူကြီးတယောက် သူတက်တာ ရှိတယ်။ နောက် ကျနော်တို့ကတော့ ဒီမြောင်းမြမှာ grassroot human right workshop ပေါ့နော်၊ human right workshop လုပ်ရင်းနဲ့ ကျနော်တို့ ဒီ (၆၇) နှစ် မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကျနော်တို့ဒီမှာ ကျင်းပတဲ့ သဘော မဟုတ်သော်လည်း သိသင့်တာလေးတွေကို ကျနော်တို့ တက်ရောက်တဲ့ participant တွေနဲ့ နယ်မြေအုပ်ချုပ်ရေးက အုပ်ချုပ်ရေးမှူးတွေနဲ့ ရှင်းလင်းဆွေးနွေးတယ်။ နောက်ရန်ကုန်ကျနော်တို့ ဌာနချုပ်မှာတော့ ကျနော်တို့ ဥက္ကဋ္ဌကြီးနဲ့ ကော်မရှင်တချို့တွေက ရန်ကုန်မှာကျင်းပတဲ့ လူ့အခွင့်အရေး အစီအစဉ်အခမ်းအနားတွေကို တက်ရောက်ဖို့ရှိပါတယ်။”

ဒီဇင်ဘာလ (၁၀)ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကို လူ့အခွင့်အရေးပညာပေးသူများကွန်ယက်ကနေ ဦးဆောင်ပြီး မြန်မာပြည်အနှံ့အပြားမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနှစ် ၂၀၁၅ ခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "Our Rights, our freedoms, Always!" အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ ထာဝရအတွက်ပါ လို့ သတ်မှတ်ထားတာပါ။
နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့နေ့ကို လူ့အခွင့်အရေးနေ့အဖြစ်သတ်မှတ်ခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း (၆၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

XS
SM
MD
LG