နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာဘဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချီးမြှင့်တဲ့ လူ့အခွင့်အရေး ကာကွယ်သူ ဆု ချီးမြှင့်ခံရသူတွေကို အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ကြေညာပါတယ်။ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး နဲ့ အခြေခံ လွတ်လပ်ခွင့်ကို မြှင့်တင် ကာကွယ်ကြတဲ့ ရဲစွမ်းသတ္တိရှင် လူပုဂ္ဂိုလ် ၈ ဦးကို ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက ဆလိုင်းမန်ဟာလျန်လည်း လူ့အခွင့်အရေး ကာကွယ်သူဆု ချီးမြှင့်ခံရပြီး သူဟာ လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်တို့ မြှင့်တင်ရေးနဲ့ လူငယ်တွေ နိုင်ငံရေးမှာ ပိုပြီး ပါဝင်လာရေးတို့ကို ဆောင်ရွက်သူအဖြစ် ဖော်ပြထားပါတယ်။
ဒါ့အပြင် ကူဝိတ်မှာ ရွှေ့ပြောင်းလုပ်သား အရေးဆောင်ရွက်သူ မေရီ အန်း အဘွန်ဒါ၊ ဘိုလီးဗီယား နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်သူ အဖြစ် နှစ်ပေါင်း ၅၀ ကျော် ရပ်တည်လာတဲ့ အန်ပါရို ကာရာဂျဲလ်တို့လည်း ဆုချီးမြှင့်ခံရတဲ့ အထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ကာဂျစ်စန်က အိုင်ဒါ ဒဇူမာနာ ဇာရိုဗာ၊ အာဖရိက နိုင်ငံ အက်စ်ဝါတီနီ နိုင်ငံက သူလာနီ မာဆီကို၊ ဂါနာ နိုင်ငံက အီဘီနီဇာ ပီဂါ့ ၊ ကိုလံဘီယာ နိုင်ငံမှာ ကျားမ ကွဲပြားမှု အခြေပြု အကြမ်းဖက်မှုတွေက လွတ်မြောက်လာသူတွေ အရေးဆောင်ရွက်သူ ဟွာနာ ရွစ်ဇ် ၊ အဇာဘိုင်ဂျန် နိုင်ငံက ရုဖက်တ် ဆာဖာရောဗ့် တို့ကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူ့အခွင့်အရေး ကာကွယ်သူဆု ချီးမြှင့်ခဲ့ပါတယ်။
Forum