သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူဦးရေးတိုးပွားနှုန်း ထိန်းညှိရေးဥပဒေ အတည်ပြုမှု လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


လူဦးရေတိုးနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေဟာ ကိုယ်ရေးကိုယ်တာအခွင့်အရေးနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ဖို့ရွေးချယ်ပိုင်ခွင့်ကို ဖိနှိပ် ချုပ်ခြယ်တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ပြောဆိုလိုက်ပါတယ်။ မျိုးစောင့်ဥပဒေ မူကြမ်း(၄) ခုထဲမှာ ဒီဥပဒေကို ပထမဦးဆုံးအနေနဲ့ မေလ (၂၃) ရက်နေ့က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးလိုက်ပြီး မြန်မာနိုင်ငံမှာ တရားဝင် ပြဌာန်းလိုက်တာပါ။ မအင်ကြင်းနိုင်က အသေးစိတ်ဆက်ပြီးတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ ဝိုင်းဝန်း ကန့်ကွက် နေတဲ့ကြားက လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေကို မြန်မာလွှတ်တော်နဲ့အစိုးရက အတည်ပြု ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေအရ အမျိုးသမီးတွေအနေနဲ့ ကလေးတဦးနဲ့တဦးအကြား ၃ နှစ်ခြားယူရမှာဖြစ်ပါတယ်။

ဒါ့အပြင် လူနည်းစုတွေကိုရည်ရွယ်ပြီး ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ ဒီဥပဒေကို သမ္မတဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့အတွက် အလွန်မတန်စိတ်ပျက်မိတယ်လို့နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှရေးရာညွန်ကြားရေးမှူး Brad Adam ကပြောပါတယ်။

“ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရေးသမားလို့ပြောထးတဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ ဒီဥပဒေကိုလက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့အတွက် ကျနော်တို့ အလွန်ပဲ စိတ်ပျက်မိပါတယ်။ သူ့အနေနဲ့ ဒါကိုငြင်းပယ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုမွတ်ဆလင်တွေ အထူးသဖြင့် ရိုဟင်ဂျာတွေကို ရည်ရွယ်ပြီး သူတို့ရဲ့လူဦးရေတိုးပွားနှုန်း အရမ်းမြန်လွန်းတာကြောင့် လူများစု ဗုဒ္ဓဘာသာဝင် လူဦးရေထက် ပိုပြီးများသွားမယ် ဆိုတဲ့ လိမ်လည်ပြောဆိုမှုတွေနဲ့ ဒီဥပဒေဟာ ခွဲခြားမှုတွေ ရှိနေပါတယ်။ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုဥပဒေမျိုး စဉ်းစားဖို့တောင်မသင့်တော်ပါဘူး။”

အခုလို ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူဦးရေဆိုင်တိုးပွားခြင်းထိန်းချုပ်မှုဥပဒေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့လည်း အထူး စိုးရိမ် မကင်းဖြစ်မိကြောင်း ပြီးခဲ့တဲ့မေလ (၁၉) ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥပဒေအရ နိုင်ငံအတွင်း မတူညီတဲ့လူမျိုးစုတွေအကြားမှာ နိုင်ထက်စီးနင်း ပြုမူဆက်ဆံဖို့၊ မျှတမှုမရှိတဲ့ လူဦးရေထိန်းချုပ်ရေးမူဝါဒကို အလွဲသုံးစားပြုလုပ်ပြီး ခွဲခြားဆက်ဆံဖို့ ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေအပါအဝင် ကိုးကွယ်ရာ ဘာသာတရား ကူးပြောင်းခြင်း၊ ဘာသာမတူသူ အချင်းချင်းကြား ထိမ်းမြားလက်ထပ်ခြင်းကို ဟန့်တားတာ၊ တလင် တမယား စနစ်သာရှိရမယ်ဆိုတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဥပဒေမူကြမ်းတွေဟာ လွတ်လပ်စွာ ကလေးမွေးဖွားခွင့်၊ အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်ခွင့်တွေကို ဟန့်တားစေတဲ့ ဥပဒေမူကြမ်းတွေ ဖြစ်တယ်လို့လည်း အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုဆိုင်ရာ ပပျောက်ရေးသဘောတူညီချက်အပါအဝင် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကာကွယ်ရေး ကုလသမဂ္ဂရဲ့ပဋိဉာဉ်စာချုပ်တွေအတိုင်း လိုက်နာဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

အခုလို အမျိုးသမီးတွေကိုယ်ဝန်ဆောင်ဖို့ကိစ္စမှာ ဥပဒေနဲ့ အတင်းအကြပ်ပြဌာန်းထားဟာ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း ကျားမတန်းတူညီမျှရေးကွန်ယက် ညွန်ကြားရေးမှုး မမေစပယ်ဖြူက ပြောပါတယ်။

“ကျမတို့ကတော့ အစကတည်းက ဒီဥပဒေတွေကို ပြဌာန်းမယ်ဆိုတဲ့ အိုင်ဒီယာပေါ့နော်၊ စပြီးတော့ ထွက်လာကတည်းက စဉ်ဆက်မပြတ်ကန့်ကွက်ခဲ့တာပါ။ အဓိကကတော့ လူဦးရေးထိန်းချုပ်တယ်ဆိုတဲ့ အိုင်ဒီယာပေါ့နော်၊ အမျိုးသမီးတွေဟာ သားသမီး ဘယ်အချိန်မှာ ဘယ်နှစ်ယောက်ကိုယူမယ်ဆိုတာဟာ အမျိုးသမီးတွေရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ပဲဖြစ်သင့်တယ်။ ပြီးတော့ ဒါဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ရော အမျိုးသမီးအခွင့်အရေးရှုဒေါင့်ကကြည့်ရင်ကော မကိုက်ညီဘူးဆိုတာတွေကို ကျမတို့က အကျိုးနဲ့အကြောင်းနဲ့ အများကြီးပဲ ဝေဖန်ထောက်ပြခဲ့ပြီးပါပြီေ ပါ့နော်။”

ဒါ့အပြင် လူဦးရေတိုးပွားနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေမျိုးဟာ မလိုအပ်တဲ့ဥပဒေဖြစ်ပြီး လူထုကျန်းမာရေးပညာပေးအနေနဲ့သာဆောင်ရွက်သင့်တဲ့ ကိစ္စမျိုးဖြစ်တယ်လို့ သူကဆိုပါတယ်။

“ဥပဒေအနေနဲ့ ပြဌာန်းစရာမလိုဘူးလို့ ထင်တာပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုခေါ်မလဲ၊ အမျိုးသမီးတယောက်ကို ၃ နှစ်ခြားပြီးတော့မှ သားသမီးယူဖို့အတွက်ရယ်၊ ပြီးတော့ဒီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူရမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးရမယ်ဆိုတာတွေဟာ တကယ်တော့ public health လို့ခေါ်တဲ့ လူထုကျန်းမာရေးပေါ့နော်- ကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေ၊ အသိပညာတွေကို ကျမတို့က ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးရုံနဲ့ ရတဲ့ကိစ္စကို ဥပဒေအနေနဲ့ ပြဌာန်းတာပေါ့နော်။ အဲဒါ တကယ်တန်းကျတော့ မလိုအပ်တဲ့ဥပဒေတခုဖြစ်တယ်။”

လူဦးရေတိုးပွားနှုန်းထိန်းညှိရေးဆိုင်ရာဥပဒေအပါအဝင် မျိုးစောင့်ဥပဒေမူကြမ်းသုံးခု အဆိုကို အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး မဘသ အဖွဲ့က ၂ဝ၁၄ ခုနှစ်က လွှတ်တော်နဲ့အစိုးရဆီကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေကို ဘာကြောင့် ပြဌာန်းသင့်သလဲဆိုတဲ့အပိုဒ်မှာတော့ “မိမိနိုင်ငံရဲ့နယ်မြေအကျယ်အဝန်းအရ အချုပ်အခြာအာဏာ တည်တံ့ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာလုံလောက်သော စောင့်ရှောက်မှုပေးနိုင်စေရေးတို့အတွက် ဘာသာပေါင်းစုံကိုးကွယ်သူများ လိုက်နာရန် ရည်ရွယ်ပြီး ပြဌာန်းစေလိုခြင်းဖြစ်ကြောင်း” ရေးသားထားပါတယ်။

XS
SM
MD
LG