သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် နှစ်ဦး ပြစ်ဒဏ်စီရင်ခံရမှု လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်


ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ တောင်းဆိုဆန္ဒပြနေကြစဉ် ( စက်တာဘာလ ၁ ၊ ၂၀၁၈ ခုနှစ်)
ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ တောင်းဆိုဆန္ဒပြနေကြစဉ် ( စက်တာဘာလ ၁ ၊ ၂၀၁၈ ခုနှစ်)

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ်ပြစ်ဒဏ် ၇ နှစ်စီ ချမှတ်တာ ခံခဲ့ရတဲ့ ရိုက်တားစ်သတင်းထောက် ၂ ဦး ဖြစ်တဲ့ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘာရှလေ (Michelle Bachelet) က တောင်းဆိုလိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ကြည့်နေချိန်မှာပဲ အခုလို စီရင်ချက် ချလိုက်တာမို့ ဒါဟာ မြန်မာ့တရားရေးစံနစ်ကိုရော မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကိုပါ ခြိမ်းခြောက်မှု တရပ်ဖြစ်ကြောင်း လူ့အခွင့်ရေးအဖွဲ့ တွေက ဝေဖန်ကြပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ (၁) (ဂ) နဲ့ တရားစွဲဆိုခံနေရတဲ့ ရိုက်တားစ် သတင်းထောက် ၂ ဦးမှာ အပြစ်ရှိတယ်လို့ မြောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်ပြီး တနင်္လာနေ့မှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပေမယ့် သူတို့ဟာ အပြစ်မရှိပဲ ထောင်အချခံရတာမို့ မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းထောက် ကိုဝလုံးက တရားရုံးကပြန်အထွက်မှာ အခုလို မေးခွန်းထုတ်ခဲ့ပါတယ်။

“ကျွန်တော်တို့က နိုင်ငံတော်အပေါ်မှာ ဘာမှ အကျိုးယုတ်အောင် ဘာတခုမှလည်း မလုပ်ခဲ့ဘူး။ ဘာမှလည်း ကျွန်တော်တို့က ကျူးလွန်ခဲ့တာလည်း မရှိပဲနဲ့။ ပုပ်ရဟန်းမင်းကြီး စာရွက်မိလို့ ကျွန်တော်တို့ကို ထောင်ချတယ်။ ကိုထွန်းအောင်တို့ ဖုံးနံပတ်ကို ကျွန်တော်တို့ မှတ်ထားလို့ ကျွန်တော်တို့ကို ထောင်ချတယ်။ ဖေ့စ်ဘုတ်ထဲမှာ ဦးမြင့်ဆွေရဲ့ ခရီးစဉ်ကို ဖေ့စ်ဘုတ်ထဲမှာ ထည့်လို့ ဆိုပြီးတော့ ကျွန်တော်တို့ကို ထောင်ချတယ်။ ဒါဟာ တရားမျှတမှု ရှိမလား။”

စက်တင်ဘာလ တရက်နေ့မှာ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး အဖြစ် စတင်တာဝန်ယူခဲ့တဲ့ Michelle Bachelet ကတော့ သတင်းသမား ၂ ဦးဟာ သူတို့ တာဝန် သူတို့ ထမ်းဆောင်တာမို့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံက ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ် စီရင်ချက် ချလိုက်တယ်လို့ ဒီမနက်မှာ သိလိုက်ရတော့ ကျမ သိပ်ကို တုန်လှုပ်သွားပါတယ်။ သူတို့တွေ ပေးတဲ့ သတင်းဟာ လူအစုလိုက်အသတ်ခံရတဲ့ သတင်းမို့ လူထုစိတ်ဝင်စားမယ့် သတင်းလို့ ကျမတို့ ယုံကြည်သလို အခု တရားရေး လုပ်ငန်းစဉ်မှာ လုပ်ထုံးလုပ်နည်းနဲ့မညီတဲ့ ချို့ယွင်းချက် အတော်များများ ရှိနေမယ်လို့ ထင်တဲ့အတွက် ဒီသတင်းထောက်တွေကို အတတ်နိုင်ဆုံး အမြန်ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျမတောင်းဆိုပါတယ်။”

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးအဖွဲ့ FIDH (International Federation for Human Rights) နဲ့ မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အာဆီယံ ကွန်ယက် အဖွဲ့ (ALTSEAN – Burma) တို့ကလည်း ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ရိုက်တားစ် သတင်းထောက် ၂ ဦးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ သတင်ထောက် ၂ ဦးကို ချမှတ်ခဲ့တဲ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဟာ ၁၉၂၃ ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီလို ဥပဒေမျိုးကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုလိုက်တဲ့အပြင် သူတို့ကို အခြေအမြစ်မရှိပဲ အခုလို ပြစ်ဒဏ်ချမှတ်တာဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ကိုရော တရားဥပဒေစိုးမိုးရေးအတွက်ပါ နောက်ပြန်ဆုတ်စေတဲ့ လုပ်ရပ်လို့ ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ တရာသူကြီး ဦးရဲလွင် လက်ထဲ ၉ လနီးပါး စစ်ဆေးခဲ့တဲ့ ဒီမှုအတွက် သက်သေခံ အချက်လက်တွေပေါ် မူတည်ပြီး စီရင်ချက်ချမယ် ဆိုရင် လွှတ်ပေးရမယ့် အမှုဖြစ်ပေမယ့် အခု သတင်းထောက် ၂ ဦးကို ထောင်ဒဏ် ၇ နှစ်စီ ကျခံဖို့ စီရင်ချက် ချမှတ် လိုက်တာဟာ တရားသူကြီးတွေ အနေနဲ့ အမှန်တရားဘက်က ရပ်တည်ဖို့ သတ္တိမရှိတာကြောင့်လို့ AHRC အာရှ လူ့အခွင့်ရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးက မြင်ပါတယ်။

“ကျွန်တော့်အမြင် ပြောရမယ် ဆိုလို့ ရှိရင်တော့ တရားသူကြီး အနေနဲ့ ပြတ်ပြတ်သားသားနဲ့ အမှန်တရား ဘက်က ရပ်တည်နိုင်ဖို့ သတ္တိ မရှိသေးဘူး လို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ ဒီမှာ တကယ်စွဲဆိုတဲ့ အတိုင်းသာ အမှုဖြစ်တဲ့ အကြောင်းအရာ ပေါ်မှာ မူတည်ပြီးတော့ သက်သေခံ အချက်အလက်တွေ အရ ပေါင်းစပ်မယ် ဆိုလို့ရှိရင် ဒီအမှုက လွှတ်ပေးရမှာ ဖြစ်ပေမယ့်လည်း အခုတော့ အဲဒီလို မဟုတ်ပဲနဲ့ အပြစ်ပေးလိုက်တယ် ဆိုတော့ ခုခံ ချေပ ရတဲ့ သူတွေ အတွက် ပိုပြီးပင်ပမ်း ဆင်းရဲတဲ့ အခြေနေကို ရောက်သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကတော့ တရားသူကြီးတွေရဲ့ လွတ်လပ်စွာ တရားစီရင်ရေးအပေါ်မှာ ကျွန်တော်တို့ သံသယ ရှိတဲ့ အခြေနေ ပေါ့နော်။ နောက်ပြီးတော့ တရားသူကြီး ကိုယ်တိုင်ကိုက ဒီဥစ္စာကို သတ္တိ ရှိရှိနဲ့ မဆုံးဖြတ်ရဲတာဟာ သူ့ရဲ့ အားနဲချက်ပေါ့။”

မေး။ ။ လူ့အခွင့်ရေး အဖွဲ့တွေက အကုန်ဝိုင်းပြောနေတာက ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှု တခုလို့ ပြောပါတယ်။ ဦးမင်းလွင်ဦး ဘယ်လို မြင်ပါသလဲ။

“ဟုတ်ပါတယ်။ ဒါကတော့ ပြည်သူတိုင်းဟာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ရှိတဲ့ သတင်းထောက်တွေ ဆီက စီးဆင်းလာတဲ့ သတင်းကို သိခွင့်လည်း ရှိတယ်။ သတင်းထောက်တွေ အနေနဲ့ ကလည်း သူတို့ ပြည်သူတွေကို အမှန်ဖြစ်ပျက်နေတဲ့ ဟာကို စုံစမ်း ထောက်လှန်း ပြီးတော့ တင်ပြဖို့ သူတို့မှာလည်း တာဝန်ရှိတယ်။ အခုလို ဖြစ်သွားတဲ့ ကိစ္စရပ်ကတော့ ကျွန်တော်တို့ သတင်း သမားတွေကို ပိုမိုပြီးတော့ ကြောက်စိတ်ပေါ် လာအောင် လုပ်လိုက်သလို ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိဘူး ဆိုတာ ပိုမို ထင်ရှားစွာ မြင်သွားတဲ့ အခြေနေမျိုး ဖြစ်တယ်။ ဒါကတော့ မကောင်းဘူးလို့ ကျွန်တော်တို့မြင်တယ်။ နောက်ပြီးတော့ သတင်း လွတ်လပ်ခွင့်ကို လွတ်လွတ်လပ်လပ် ယူဖို့လိုတယ်။ အဲဒီအတွက်လည်း မူဝါဒတွေ ချမှတ်ပြီးတော့ တိတိကျကျ ဆောင်ရွက်ပေးဖို့ အမြန်ဆောင်ရွက်ပေးဖို့ လိုတယ်လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။”

သတင်းထောက် ၂ ဦး အခုလို အပြစ်ဒဏ်စီရင်တာဟာ သတင်းလွတ်လပ်ခွင့်ကိုရော မြန်မာနိုင်ငံရဲ့ တရားရေးစံနစ်ကိုပါ သေးသိမ်အောင် လုပ်တာလို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့ APHR က ပြောကြားခဲ့သလို Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း သတင်းလွတ်လပ်ခွင့် ရှိဖို့ လိုအပ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ အခုလို သူတို့ကို အပြစ်ဒဏ်စီရင်လိုက်တာဟာ သတင်းလွတ်လပ်ခွင့် အပေါ်မှာရော သတင်းသမားတွေ ကိုပါ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း ဒီသတင်းသမား ၂ ဦးမှာ အပြစ်မရှိပဲ အပြစ်ပေးတဲ့အတွက် ရှုံ့ချပစ်တင်လိုက် သလို သူတို့ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများ ဖိုရမ် HRDF ကလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ် တာဟာ တရားဥပဒေအရ တရားမျှတမှု မရှိဘူးလို့ ယုံကြည်သလို မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အနှောက်အယှက် ဖြစ်စေတာမို့ သူတို့ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတကို ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG