သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံကြားဝင်မယ့်ကိစ္စ လူ့အခွင့်အရေးအဖွဲ့တွေပယ်ချ


ASEAN envoys meet Myanmar junta leader (state-run TV)
ASEAN envoys meet Myanmar junta leader (state-run TV)

မြန်မာနိုင်ငံပဋိပက္ခမှာ အာဆီယံ ကြားဝင်ညှိုနှိုင်းဖို့ကိစ္စ အလုပ်မဖြစ်ကြောင်း အာဆီယံလူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပြောကြားလိုက်ပါတယ်။

ဂျီနီဗာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေး ပြင်ပမှာ ဗုဒ္ဓဟူးနေ့က သီးသန့် ပြုလုပ်တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကျပ်အတည်း ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ မြန်မာနဲ့ အာဆီယံလူ့အခွင့်အရေးအဖွဲ့တွေ ဘာတွေ အဓိက ထောက်ပြခဲ့ကြသလဲ။ ဦးဆောင်ဆွေးနွေးခဲ့သူ Progressive Voice ရှေ့ပြေးအသံအကြံပေးဘုတ်အဖွဲ့ ဥက္ကဌ မခင်ဥမ္မာကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။


လူ့အခွင့်အရေးကောင်စီအပါအဝင် ကုလအထွေထွေညီလာခံကနေ မကြာခင်ချမှတ်တော့မယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ ပိုမိုထိရောက်စေဖို့၊ လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံ အခြေအနေကို လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ ပိုပြီးသိစေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်တယ်လို့ ဒီအစည်းအဝေးကို Forum Asia နဲ့အတူ ပူးတွဲစီစဉ်ခဲ့တဲ့ Progressive Voice က အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ မခင်ဥမ္မာက ဗွီအိုအေကိုပြောပါတယ်။

"အဓိက ကျမတို့ လောလောဆယ်ဖြစ်နေတဲ့ အခြေအနေကို ခုနက လူ့အခွင့်အရေးကောင်စီမှာ ရှိနေတဲ့သူတွေအားလုံးသိရအောင်လို့ အဓိက ရည်ရွယ်ပါတယ်။ အထူးသဖြင့် နောက်တခုက နယူးယောက်မှာဆိုရင်လည်း ကုလသမဂ္ဂအထွေထွေညီလာခံလည်း ကျင်းပနေတာဖြစ်တယ်။ ပြီးတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့ ပတ်သက်လို့ဆွေးနွေးနေချိန်လည်းဖြစ်တယ်။ လာမယ့်လတွေအတွင်းမှာလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာ အထွေထွေညီလာခံက ဆုံးဖြတ်မှာဖြစ်တယ်။ ဒါကြောင့် ကျမတို့က ဒီကာလတွေမှာ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျမတို့က ကြိုပြီးမှ သေချာ မြေပြင်အခြေအနေကို တင်ပြတဲ့သဘောပါပဲ။


အင်ကြင်းနိုင်။ ။ အခု လူ့အခွင့်အရေးကောင်စီမှာရော၊ ကုလအထွေထွေညီလာခံမှာရော မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထူးခြားချက်က နှစ်ဖက်လိုမျိုးဖြစ်နေတာပေါ့။ တဖက်မှာလည်း NUG အမျိုးသားညီညွတ်ရေး အစိုးရရှိသလို တဖက်မှာလည်း စစ်ကောင်စီကလည်း မြန်မာနိုင်ငံတွင်းကနေပြီးတော့ သူတို့ကိုယ်စားလှယ်တွေလည်း ရှိနေတဲ့ အနေအထားပေါ့နော်။ ဆိုတော့ အခုလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စကို အစီရင်ခံတင်ပြတဲ့အခါမှာ အရင်လို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ တုန့်ပြန်ပြောဆိုတဲ့ ကိုယ်စားလှယ် ဒီတခေါက် လူ့အခွင့်အရေးကောင်စီမှာ ရှိလားရှင့်။

မခင်ဥမ္မာ။ ။ မရှိဘူးရှင့်။ ကျန်တဲ့ ၄၇ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာကတည်းက လူ့အခွင့်အရေးကောင်စီကနေ မြန်မာကိုယ်စားပြု စစ်ကောင်စီ စကစ ကို ကိုယ်စားပြုထားတဲ့ ဂျီနီဗာမှာ အခြေစိုက်ထားတဲ့ မြန်မာ သံအမတ်ကို ပေးမထိုင်တော့ဘူး။ အရင်တခေါက်ကလည်းမရှိဘူး။ အခုတခေါက်လည်း သူတို့ ထိုင်ခွင့်မရှိဘူး။ အဓိကတော့ လူ့အခွင့်အရေးကောင်စီက အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်ကို သူတို့ စောင့်နေတာပါ။ အဲဒီဆုံးဖြတ်ချက် ချပြီးမှပဲ သူတို့ ပြန်ပြီးဆွေးနွေးမယ့် သဘောရှိတယ်ရှင့်။ ဂျီနီဗာမှာ ထိုင်နေတဲ့ စကစ သံအမတ်သည် ကုလသမဂ္ဂထဲကို သွားပြီးတော့ မြန်မာထိုင်ခုံမှာ ထိုင်ခွင့်၊ တင်ပြခွင့်၊ တုံ့ပြန်ခွင့် မရှိဘူးဖြစ်နေတယ်။

ဒီကနေ့ ကြာသာပတေးနေ့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet ကိုယ်တိုင် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နောက်ဆုံးလူ့အခွင့်အခြေအနေတွေကို လူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ တင်ပြ အစီအရင်ခံဖို့ရှိပါတယ်။

--------------------











XS
SM
MD
LG