သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပိတ်ဆို့မှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်တာမို့၊ ခုချိန်မှာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အပြီးပိုင် မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေး ထောက်ခံသွားမယ်လို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အပြီးပိုင် ရုပ်သိမ်းပေးလောက်တဲ့အထိ တိုးတက် ကောင်းမွန်နေပြီလို့ မဆိုနိုင်သေးတာကြောင့်၊ အမေရိကန်ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်လက် ထားရှိဖို့ အရေးကြီးနေတုန်းပဲလို့ မြန်မာနိုင်ငံအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒဏ်ခတ်မှုတွေကို အပြီးပိုင် ရုပ်သိမ်းစရာ မလိုဘဲနဲ့လည်း မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံ ကုန်သွယ်နိုင်သလို၊ ပြုပြင် ပြောင်းလဲမှုတွေ နောက်ပြန်မလှည့်အောင် ဆက်လက် စောင့်ကြည့်ဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ တာဝန်ခံတစ်ဦးဖြစ်တဲ့ ဂျွန် စစ်ဖ်တန် (John Sifton) က ပြောပါတယ်။

“ကျနော်တို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ကတော့ ပိတ်ဆို့ ဒဏ်ခတ်မှု ဥပဒေတွေ ဒီအတိုင်း ဆက်ရှိသင့်တယ်လို့ ထင်ပါတယ်။ ခုချိန်မှာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတာဟာ မှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ခတ်မှုတွေ အပြီးပိုင် ရုပ်သိမ်းတာ မဟုတ်ဘဲနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့လည်း မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းနိုင်အောင် လုပ်ပေးလို့ရတဲ့ အခြေအနေ ရှိပါတယ်။ သမ္မတအနေနဲ့ လတ်တလောကာလ တစ်ခုအတွက် ဥပဒေကို သက်ညှာခွင့် ပေးထားပြီး၊ ဒဏ်ခတ်မှု ဥပဒေတွေကို ဆက်လက်ထားရှိလို့ ရပါတယ်။ ဒါမှ တကယ်လို့များ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ကတိပေးထားတဲ့အတိုင်း ဆက်လက် အကောင်အထည် မဖော်ဘူးဆိုရင် အချိန်မရွေး ဒီဒဏ်ခတ်မှုတွေကို ပြန်လည် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် တရားဝင် အလည်အပတ်ခရီးစဉ် အဆုံးသတ်တဲ့နေ့မှာပဲ အမေရိကန် ထိပ်တန်း နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ရီပတ်ပလစ်ကန် အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် မစ်ချ် မက်ကောနဲလ် (Mitch McConnell) က မြန်မာနိုင်ငံတွင်း တိုးတက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ် ပြုတဲ့အနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ထောက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဂျွန် စစ်ဖ်တန် (John Sifton) ကတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ရုပ်သိမ်းပြီးရင် ပြန်လည် ချမှတ်ဖို့ မလွယ်ကူသလို၊ မြန်မာအစိုးရဘက်က ပြောင်းလဲမှုတွေ အပြည့်အ၀ မဖော်ဆောင်နိုင်သေးခင်မှာ ရုပ်သိမ်းပေးလိုက်မယ်ဆိုရင် မြန်မာအစိုးရကို ဆက်လက် ပြုပြင်ပြောင်းလဲအောင် ဖိအားပေးရာ မရောက်ဘူးလို့လည်း သုံးသပ်ပါတယ်။
“အခု သူက ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အပြီးပိုင် ရုပ်သိမ်းစေချင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒဏ်ခတ်မှု ဥပဒေတွေကို အပြီးပိုင် ဖယ်ရှားပြီးမှ ပြန်လည် ချမှတ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ကွန်ဂရက်စ် လွှတ်တော် တစ်ခုလုံးက ဒါကို လက်ခံ အတည်ပြုပြီးမှ ပြန်လည် ချမှတ်နိုင်မှာပါ။ ဒီလို ချမှတ်နိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ရပါတယ်။ ဒါကြောင့် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်။ ဒါမှမဟုတ် နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုရင်၊ အဲဒီအခါကျမှ ဒီဥပဒေတွေ ပြန်လည် ချမှတ်ဖို့ဆိုတာ ပိုပြီးတော့ ခက်ခဲပါလိမ့်မယ်။”

အမေရိကန် အစိုးရအနေနဲ့ လုပ်ရပ် တစ်ခုချင်းစီနဲ့အညီ တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောဆိုထားတဲ့အတိုင်း လုပ်ရပ်အပေါ် မူတည်ပြီးတော့သာ တုံ့ပြန်သင့်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေတာပါ။ လောလောဆယ် တိုင်းရင်းသား ဒေသတွေက ပဋိပက္ခတွေ မပြေငြိမ်းသေးသလို၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ အကျဉ်းသားတွေ ပိုပြီး များလာတဲ့ အခြေအနေတွေတောင် ရှိနေသေးတယ်လို့ ဝါရှင်တန်ဒီစီအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က Myra Dahkapaw က ပြောပါတယ်။

“တိုင်းရင်းသားနေရာဒေသတွေ၊ ကချင်ပြည်နယ်မှာ တိုက်ပွဲရှိနေတာတွေ ရှိနေတုန်းပဲ။ ရှမ်းပြည်နယ် တောင်၊ မြောက် နှစ်ဘက်စလုံး စစ်ပွဲတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ IDP တွေလည်း များလာတယ်။ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်ဘက်မှာလည်း အပစ်အခတ် ရပ်စဲရေး လုပ်ထားတယ်။ အချိန်တိုင်း ရွာသူ ရွာသားကိုတွေလည်း သူတို့ကို ကြိုက်သလို သူတို့ ခိုင်းတယ်။ ဒီထက်ပိုဆိုးတာက အကျဉ်းသားတွေကို အချုပ်ထဲမှာ ထား ထားတာက တကဏ္ဍ။ အခု အသစ်တွေကလည်း အများကြီး ထပ်ဖမ်းသေးတယ်။ ရခိုင်ဘက်မှာလည်း ရိုဟင်ဂျာတွေ ဖမ်းထားတာ အများကြီး ရှိတယ်။ ကချင်ပြည်နယ်ဘက်မှာလည်း ဖမ်းထားတာတွေလည်း အများကြီးရှိတယ်။ သူတို့ ပြောတာကတော့ ပြည်သူလူထုတွေက ကချင်စစ်သားတွေနဲ့ အဆက်အသွယ် လုပ်နေလို့၊ ကူညီထောက်ပံ့နေလို့ သူတို့ကို ဖမ်းထားတာတဲ့။ အဲဒါတွေ အများကြီး ရှိတယ်။ ပြောရမယ်ဆိုရင် သူတို့ပြောတဲ့အတိုင်း သူတို့မှာ action ဘာမှ မပေါ်လာသေးတဲ့အချိန်။ အမေရိကန် အစိုးရကလည်း သူတို့ကို လိုက်လျောပေးနေတယ်။ Action for Action မဟုတ်တော့ဘူး။”

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာချိန်ကစလို့ အမေရိကန် ပြည်ထောင်စုဟာလည်း မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တဖြည်းဖြည်း ပြန်လည် ဖြေလျော့ ပေးလာနေတာမှာ၊ အခုနောက်ဆုံး မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် တရားဝင် အလည်အပတ် ခရီးစဉ်အပြီးမှာတော့ ဒဏ်ခတ်မှုတွေ ဆက်လက် သက်တမ်းမတိုးတော့ဘူးဆိုတဲ့ သဘောထားတွေ အမေရိကန် လွှတ်တော် အမတ်တွေကြားမှာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG