သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်


Human Rights Human Dignity International Film Festival
Human Rights Human Dignity International Film Festival

၂၀၁၅ခုနှစ် တတိယအကြိမ်မြောက်“လူ့အခွင့်အရေး နဲ့ လူ့ဂုဏ်သိက္ခာ” နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အတွက် ရုပ်ရှင်မှတ်တမ်းတွေ ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဒီလ ဇန်နဝါရီလကစလို့ လာရောက် ယှဉ်ပြိုင်ကြဖို့ စတင်ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ပြိုင်ပွဲမှာ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီဦးဝင်းတင်ဆုနဲ့ မတ် ၁၃ဆု လေးဆု ချီးမြှင့်ဂုဏ်ပြုမှာဖြစ်ပါတယ်။ လူသားတိုင်း လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆို နားလည် ခံစားနိုင်ဖို့ ရည်ရွယ်တယ် လို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေက ဆိုပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။

“လူသားတိုင်းသည် မွေးဖွားကတည်းက လွတ်လပ်၍ ညီမျှသော အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ရှိသည်။” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သတင်း မှတ်တမ်းကားတွေ၊ ဇာတ်လမ်းတိုတွေ၊ Animation ကာတွန်းကားတွေကို ၂၀၁၃ခုနှစ် ကစလို့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့တာပါ။၂၀၁၅ခုနှစ်အတွက် တတိယအကြိမ်မြောက်ရုပ်ရှင်ပွဲတော်ကိုတော့ ဇွန်လ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ကို လူသားတိုင်း သိရှိနားလည်ဖို့ ရည်ရွယ်ကြောင်း ရုပ်ရှင်ပွဲတော် ကျင်းပရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ပွဲတော်ဖြစ်မြောက်အောင် စီစဉ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"အခုဖိတ်ခေါ်တယ် ဆိုတာကလည်း အရှေ့မှာတုန်းက လုပ်ခဲ့တဲ့ ၂၀၁၃၊ ၂၀၁၄တုန်းက လုပ်ခဲ့တဲ့ အတိုင်းပဲ။ ဒီဇန်နဝါရီလမှာ စပြီးတော့ အမျိုးအစားအားဖြင့် သုံးမျိုးပေါ့။ မှတ်တမ်းရုပ်ရှင်၊ နောက်ပြီးတော့ ဇာတ်လမ်းတို ရုပ်ရှင်၊ ပြီးတော့ Animation ဆိုတာ ထားပါတော့ ကာတွန်းပေါ့လေ အဲ့လိုမျိုး ရုပ်ရှင် အမျိုးအစားသုံးခုကို National ပေါ့နော်။ ပြီးတော့ Regional ပြီးတော့ International ပေါ့နော်။ ခွဲပြီးတော့ ခေါ်တာပေါ့။

ပြီးတော့ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော် ၃၉ခု စုစည်းထားတဲ့ Network တခုပေါ့နော်။ Human Rights Film Network ဆိုတဲ့ဟာ၊ အဲ့ဒီ့မှာ အဖွဲ့ဝင်အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသိအမှတ်ပြုခံရတယ်။ အဲ့တော့ International ရုပ်ရှင်တွေက အဲ့ဒီ့ Network ထဲမှာ အဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် ပိုပြီးတော့ လက်ခံရရှိဖို့ ပိုပြီး ရှိလာတာပေါ့။ ထူးခြားချက်က အဲ့ဒီ့ဟာပါပဲ။"

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Documentary သတင်းမှတ်တမ်းကားဆု အတွက် အောင်ဆန်းစုကြည် ဆု၊ ဇာတ်လမ်းတိုအတွက် မင်းကိုနိုင် ဆု၊ Animation ကားဆုအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဂုဏ်ပြု မတ်လ ၁၃ ရက်နေ့ဆု အဲ့ဒီ့သုံးခုအပြင် သတင်းမှတ်တမ်း၊ ဇာတ်လမ်းတိုနဲ့ Animation ကားသုံးမျိုးထဲက အကြိုက်ဆုံး ကားကို ဟံသာဝတီ ဦးဝင်းတင်ဆုအဖြစ် ဆုအမျိုးအစားလေးမျိုး ချီးမြှင့်မှာဖြစ်တယ်လို့ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး က ပြောပြပါတယ်။

" ဆုအားဖြင့်ပေါ့နော်။ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆုနဲ့ မတ် ၁၃ ဆုပေါ့နော်။ ဒုတိယနှစ် မနှစ်က ဧပြီလမှာ ဘဘဦးဝင်းတင် ဆုံးသွားတဲ့အတွက် ဘဘ ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟံသာဝတီ ဦးဝင်းတင်ဆုဆိုပြီး ဆုတစ်ဆု တိုးတယ်ပေါ့နော်။ ဒီနှစ်ကတော့ အဓိက ဆုက အဲ့လေးဆုပဲ။

အောင်ဆန်းစုကြည်ဆုဆိုတာက မှတ်တမ်းရုပ်ရှင်တွေထဲက အကောင်းဆုံးရုပ်ရှင်၊ မင်းကိုနိုင်ဆု ဆိုတာက ဇာတ်လမ်းတိုရုပ်ရှင်တွေထဲက ဂျူရီအဖွဲ့က ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်၊ မတ်လ ၁၃ရက်နေ့ ဆုဆိုတာက အမ်နီးမေးရှင်း ရုပ်ရှင်တွေထဲက သက်ဆိုင်ရာ ဂျူရီအဖွဲ့က အကောင်းဆုံးလို့ သတ်မှတ်ပြီးရွေးချယ်လိုက်တဲ့ ဆု။

ဟံသာဝတီ ဦးဝင်းတင်ဆု ဆိုတာက အဲ့ဒီ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းရုပ်ရှင်၊ အမ်နီးမေးရှင်းရုပ်ရှင် အဲ့ဒီ့သုံးခုထဲကမှ ဖွဲ့ထားတဲ့ ဂျူရီအဖွဲ့က အကြိုက်ဆုံး ရုပ်ရှင်ဆု သူက မှတ်တမ်းရုပ်ရှင်လည်းဖြစ်ရင်ဖြစ်မယ်။ ဇာတ်လမ်းတို ရုပ်ရှင် လည်းဖြစ်ရင်ဖြစ်မယ်။ အမ်နီးမေးရှင်း ရုပ်ရှင်လည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ အဲ့ဒီ့သုံးခုထဲက ဂျူရီအဖွဲ့ အကြိုက်ဆုံး ရုပ်ရှင်တခုပေါ့နော်။"

လူ့အခွင့်အရေးဆု ရခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပွဲတော်ဆုရ ဇာတ်ကားတွေနဲ့ ပတ်သက်လို့ ဦးမင်းထင်ကိုကိုကြီးက အခုလိုရှင်းပြပါတယ်။

" မြန်မာနိုင်ငံမှာ ပထမဆုံးပေါ့နော်။ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ဆိုပြီးတော့ ဖိတ်ခေါ်တာပေါ့နော်။ Open Call ခေါ်တုန်းကလည်း အကြောင်းအရာက လူ့အခွင့်အရေးဖြစ်ရမယ် ဆိုပြီး ဖိတ်ခေါ်ခဲ့တာပေါ့နော်။ အဲ့ဒီ့မှာ ရုပ်ရှင်တွေရောက်လာတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အဲ့ဒီ့မှာ အထူးသဖြင့် အောင်ဆန်းစုကြည်ဆုရသွားတဲ့ အကျဉ်းစံ ဆိုတဲ့ ဇာတ်ကားဆိုရင် အကျဉ်းထောင်ထဲမှာ ၃၅နှစ်ထောင်ကျတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ပေါ့နော်။ သူက အကျဉ်းထောင်ထဲမှာ ပန်းချီဆရာဖြစ် သွားပြီးတော့ အဲ့ဒီ့အနုပညာနဲ့ အကျဉ်းထောင်ဘဝကို ဖြတ်သန်းပုံပေါ့။ အဲ့ဒီ့ဟာကို ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။ အဲ့ဒီ့ဟာ ဆုလည်း ရသွားတယ်။ အဲ့တာမျိုးပေါ့နော်။ အဲ့တာမျိုး ရုပ်ရှင်တွေ ပထမဆုံးအကြိမ်မှာကိုပဲ လက်ခံရရှိခဲ့တယ်။ လူ့အခွင့်အရေးလို့ပြော လိုက်တာနဲ့ မြန်မာနိုင်ငံက Filmmaker တွေက ဘယ်လိုအကြောင်းအရာကို ရိုက်ရမယ်ဆိုတာကို သူတို့ နားလည်ပြီးသားပါ။"

တတိယအကြိမ်မြောက် လူ့အခွင့်အရေး-လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် အတွက် ဇာတ်လမ်း ရုပ်ရှင်ကားတွေကို ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ၂၀၁၅-ဇန်နဝါရီလက စလို့ ဧပြီလ ၁၀ရက် ၂၀၁၅ခုနှစ် နောက်ဆုံးထားပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်သလို လူ့အခွင့်အရေး-လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ရုံးစိုက်ရာ ရန်ကုန်မြို့ကိုလည်း ဆက်သွယ်ပေးပို့နိုင်တယ်လို့ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေကပြောပါတယ်။ ဒီရုပ်ရှင်ပွဲတော်အတွင်း ဝင်ရောက်ယှဉ်ပြိုင်လို့ ဆုရ ရုပ်ရှင်ကားတွေကို ခရီးသွား ရုပ်ရှင်ပွဲတော်အဖြစ်လည်း နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေနဲ့ မြန်မာနိုင်ငံအနှံ့ ပြည်နယ်၊ တိုင်းတွေမှာ နယ်လှည့်ပြသ မှာဖြစ်ပါတယ်။

XS
SM
MD
LG