သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်သာလန် လူ့အခွင့်အရေးဆု ဆန်ခါတင် စာရင်းထဲ ဖြိုးဖြိုးအောင် ပါဝင်


အကျဉ်းကျခံနေရဆဲ ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်။
အကျဉ်းကျခံနေရဆဲ ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်။

၂၀၁၅ခုနှစ်အတွက် နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးက ပေးအပ်တဲ့ Human Rights Tulip ဆု ရွေးချယ်ခံရတဲ့ ဆန်ခါတင်စာရင်းထဲမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်လည်းပါဝင်ပါတယ်။ အခုပေးအပ်တဲ့ဆုဟာ ဘယ်လောက်ထိ အရေးပါပြီး မဖြိုးဖြိုးအောင်ကို ဘာကြောင့် အမည်စာရင်း တင်သွင်းရသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှားဖောင်က စုစည်း တင်ပြပေးပါ့မယ်။

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေး လုပ်ရှားသူတွေကို အားပေးတဲ့အနေနဲ့ နယ်သာလန် အစိုးရက ချီးမြှင့်တဲ့ လူအခွင့်အရေးဆိုင်ရာ 2015 Human Rights Tulip ဆု ယာ ထားခံရတဲ့ ဆန်ခါတင် စာရင်းထဲမှာ မြန်မာနိုင်ငံ က ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင် လည်း ပါဝင်ပါတယ်။
နာမည်စာရင်း တင်သွင်းခံရတဲ့ လူပေါင်း ၂၀၀ ကျော်ထဲကမှ ဆန်ခါတင် အယောက် ၃၀ ထဲမှာ ရွေးချယ်ခံရတာဖြစ်ပြီးတော့ အဲဒီမှာ မဖြိုးဖြိုးအောင် ပါဝင်တာပါ။

ဆုရရှိဖို့အတွက် မနေ့က သြဂုတ်လ ၉ ရက်နေ့ကနေ စပြီးတော့ အင်တာနက် အွန်လိုင်း မဲပေးရွေးချယ်မှုကို စတင်လိုက်တာဖြစ်ပြီး အခုလက်ရှိမှာတော့ မဖြိုးဖြိုးအောင်က တစ်သောင်း လေးထောင် တစ်ရာကျော်နဲ့ (၁၄၁၂၅) မဲအများဆုံးနဲ့ ပထမ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

ရွေးချယ်ခံရတဲ့သူအနေနဲ့ ယူရိုငွေ တစ်သိန်း (၁၀၀၀၀၀) ဆုချီးမြှင့်ခံရမှာဖြစ်ပြီး အမေရိကန် ဒေါ်လာအနေနဲ့တော့ တစ်သိန်း တစ်သောင်း တစ်ထောင်ကျော် (၁၁၁၈၈၄.၈၅) ရရှိမှာဖြစ်ပါတယ်။

ယခုနှစ် Human Rights Tulip ဆုနာမည်စာရင်းကို ဇွန်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့ အထိ သတ်မှတ်ထားပြီး လူထုပါဝင် မဲပေးခွင့်ကို စက်တင်ဘာလ ၉ရက်နေ့မှာ စတင်တာပါ။ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မဲပေးတာ ပြီးဆုံးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားခေါင်းဆောင် တစ်ဦးလည်းဖြစ် အမျိုးသမီး လူငယ် တစ်ဦးလည်းဖြစ်တဲ့ အသက် ၂၆နှစ်အရွယ် မဖြိုးဖြိုးအောင်ကို ရွေးချယ် တင်သွင်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ နာမည်စာရင်း အဆိုတင်သွင်းတဲ့ Equality Myanmar - ညီမျှခြင်းမြန်မာအဖွဲ့က အလုပ်အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

"တိုင်းပြည်အတွက် အရေးအကြီးဆုံးလို့ ပြောနိုင်တဲ့ ပညာရေးစနစ် ကိုပြုပြင်ပြောင်းလဲအောင် လုပ်ခဲ့တဲ့နေရာမှာ ထိပ်ဆုံးက ပါဝင်တာ တခုဖြစ်တယ်။ နောက်တခုက သူ့ရဲ့သမိုင်းကို ကြည့်မယ်ဆိုလို့ရှိရင် နာဂစ်နောက်ပိုင်း တုန်းကလည်း သူ့အဖေနဲ့အတူ သူ အဖမ်းခံထိတယ်။ ဒါပေမဲ့ သူ အဲ့တာကို လူ့အခွင့်အရေးကိစ္စတွေ သူဆက်ပြီးလုပ်တယ်။ ကျနော်နဲ့တွေ့တဲ့အခါတိုင်း သူအမြဲတမ်းပြောတာက သူယုံကြည်မှုအရ ဆက်လုပ်မှာပဲ။ ဘယ်တော့မှ သူ့လုပ်ရပ် ယုံကြည်ချက်ကို နောက်ဆုတ်မှာမဟုတ်ဘူးဆိုတဲ့ ပြောကြားချက်က ကျျနော့်နားထဲမှာ အခုထက်ထိ စွဲနေတုန်းပဲ။

နောက်တခုက ဒီလိုမျိုးဖြစ်တဲ့နေရာမှာ မိန်းကလေးတယောက်ဖြစ်ရဲ့သားနဲ့ ကျန်တဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီးတော့ ဦးဆောင်မှုကို ပြနိုင်ခဲ့ တယ်။ နောက်တခါ အရေးကြီးတာက လူငယ်တယောက်လည်းဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်မှာက လူသိများသော သူတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ လူငယ်ပိုင်းမှာ ကျနော်တို့ ပေးသင့်တဲ့ ဟာမျိုး ကြည့်လိုက်တော့ သူ့ကို ကျနော် ထိပ်ဆုံးက သွားတွေ့လိုက်တယ်။"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကိုပြန်လည် ဖွဲ့စည်းဖို့ ပါဝင်လှုပ်ရှားမှုနဲ့ မဖြိုးဖြိုးအောင်ဟာ ၂၀၀၈ ခုနှစ်မှာ ပထမအကြိမ် ဖမ်းဆီးခံရပြီး ထောင်သုံးနှစ်နဲ့ ရှစ်လလည်း ကျခံခဲ့ရပြီးတော့ ၂၀၁၂ ခုနှစ်မှာ ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တာပါ။

လွှတ်တော်မှာအတည်ပြုလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ ကျောင်းသားတွေရဲ့ အခွင့်အရေးကို ကန့်သတ်ချုပ်ချယ်တဲ့အတွက် ဒါကို ပြန်လည်ပြင်ဆင်ဖို့ ပါဝင် လှုပ်ရှားမှုကြောင့် ၂၀၁၅ ခုနှစ် မတ်လမှာ ပြန်လည် ဖမ်းဆီးခံရပြီးတော့ လက်ရှိ အကျဉ်းထောင်ထဲမှာပဲ ထိန်းသိမ်းခံထားရပါတယ်။

အခုပေးအပ်မယ့် Tulip ဆုဟာ ဥရောပမှာ ဘယ်လောက်အထိ သြဇာကြီးမားသလဲ ဆိုတာကိုလည်း ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

"ဒါ ဥရောပမှာဆိုရင် အစိုးရ အသိအမှတ်ပြုတဲ့ ဆုတမျိုးပေါ့နော်။ ပေးတဲ့သူတွေ ကလည်း တကယ်တမ်း ထိုက်တန်တဲ့သူဖြစ်တော့ ဒီဆုကို လူတော်တော်များများ စိတ်ဝင်စားကြတယ်။ ငွေကြေးအရ ပြောမယ်ဆိုလို့ရှိရင်လည်း ဥရောပ ယူရို တစ်သိန်းဆိုတော့ ဒါ နည်းနည်းတော်တော်များတယ်လို့ ပြောလို့ရတာပေါ့။ "

မဲပေါင်း သုံးထောင်ခြောက်ရာကျော် (၃၆၃၅) ဒုတိယမဲအများဆုံးနဲ့ မဖြိုးဖြိုးအောင်ရဲ့ နောက်မှာလိုက်နေတာကတော့ အစ္စရေး သိမ်းပိုက်နယ်မြေထဲက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး B’tselem ဖြစ်ပါတယ်။ မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ထိုင်းနိုင်ငံရှေ့နေများအဖွဲ့ (Thai Lawyers for Human Rights) ကတော့ ၃၃၆ မဲနဲ့ အဆင့်ရှစ်မှာရှိနေပါတယ်။

Human Rights Tulip ဆုကို ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ တဝှမ်းမှာ ရှိတဲ့ လူ့အခွင့်ရေးလုပ်ရှားသူ တသီးပုဂ္ဂလ အနေနဲ့ရော အဖွဲ့အစည်းအနေနဲ့ပါ ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။

လူ့အခွင့်အရေးလုပ်ရှားသူတွေအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ဆီကနေ သင်ယူနိုင်ဖို့အတွက် ရည်ရွယ်ပေးအပ်တဲ့ ဆုဖြစ်ပြီး ရရှိတဲ့ ဆုငွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်ရာမှာ အသုံးပြုသွားဖို့ဖြစ်ပါတယ်။ ဆုရွေးချယ်ခံရတဲ့သူတွေ အနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Bert Koenders ကိုယ်တိုင် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG