သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ရှေ့ရေး HRW ပူပန်


ရခိုင်ပြည်နယ်တွင်း ပြီးခဲ့တဲ့နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း အိုးအိမ်မဲ့ ဒုက္ခရောက်ခဲ့ကြရတဲ့ ရိုဟင်ဂျာ ခေါ် မူဆလင် လူနည်းစုတွေကို ပြန်လည်
နေရာချထားရေး အတွက် လုပ်ဆောင်စရာ ရှိတာတွေကို မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ဘာသာရေးအရ ရေရှည်ကွဲပြားမယ့် အန္တရာယ် ကျရောက်မယ့် အခြေအနေ ရှိနေတယ်လို့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တဖွဲ့က ပြောလိုက်ပါတယ်။

လက်တလော မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးစိတ်တွေ ပျံ့နှံ့နေတဲ့အပေါ်မှာ အထူး စိုးရိမ်မှု ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က လူတွေ ရာနဲ့ချီ သေကျေ ဒဏ်ရာရပြီး သောင်းနဲ့ချီ အိုးအိမ်မဲ့ ဒုက္ခရောက် ခဲ့ရတဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်တွင်းမှာ ဒုက္ခသည် မူဆလင် လူနည်းစုတွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး ဒီလူတွေကို ပြန် လည် နေရာချထားရေး ကိစ္စကို မြန်မာ အစိုးရအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ဖို့ နိုင်ငံ တကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးတခုဖြစ်တဲ့ Human Rights Watch က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ Human Rights Watch အဖွဲ့က ဒုက္ခသည် စခန်းတွေထဲမှာ ချို့ချို့တဲ့တဲ့ နေနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကျန်တဲ့ လူမှုအသိုင်းအဝိုင်း တခုလုံးနဲ့ အဆက်ဖြတ်ခံနေရတဲ့ အခြေအနေမှာ ရောက်နေ တဲ့အတွက် ဒီအပေါ် အထူး စိုးရိမ်တဲ့အကြောင်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံတဦးဖြစ်တဲ့ ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“ပထမဆုံး ကျနော်တို့ရဲ့ စိုးရိမ်မှုက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက်တင် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင် အားလုံးအတွက် စိုးရိမ်တာပါ။ လတ်တလော မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ မုန်းတီးစိတ်တွေက နေရာအနှံ့ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် ထဲက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ စိတ်ပူတာက အဲ့ဒီမှာ မူဆလင်တွေဟာ တနေရာတည်းမှာ ဘယ်ကိုမှ ထွက်ခွာခွင့်မရဘဲ ဖြစ်နေရတာပါ။ ဒုက္ခသည် စခန်းဆိုတာထက် အကျဉ်းစခန်းလို နေရာမှာ နေနေရတာ ဖြစ်ပါတယ်။ စခန်းထဲကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရဘဲ သူတို့ကို စောင့်ကြပ်နေတဲ့သူတွေ သနားညှာတာသလောက် ခွင့်ပြုသလောက်ပဲ လှုပ်ရှားခွင့် ရကြပါတယ်။ လူသားချင်း စာနာမှု အကူအညီတွေကလည်း အလုံအလောက် မရှိပါဘူး။ အခြေအနေ အတော်ကို ဆိုးရွားပါတယ်။”

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ လပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်ပေမဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း Human Rights Watch အဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒီအတိုင်း လျစ်လျူရှုမထားဘဲ သူတို့တွေ လူမှုအသိုင်းအဝိုင်းထဲမှာ ပြန်လည် ဝင်ဆံ့နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“အရင်ဆုံး မြန်မာအစိုးရ အနေနဲ့ ဒီကိစ္စကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာကို ဝန်ခံဖို့ လိုပါတယ်။ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ပြဿနာတွေနဲ့ အဲ့ဒီဒေသတဝိုက်မှာ ရိုဟင်ဂျာ မုန်းတီးမှုတွေ အများအပြား ရှိနေတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဒီလို ပြဿနာတွေ ရှိနေတယ်ဆိုတာကို အစိုးရက ဝန်ခံရပါမယ်။ တချို့ အာဏာပိုင်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး ကြီးကြီးမားမား ပြဿနာ မဟုတ်ဘူးဆိုပြီး ငြင်းဆန် ပြောဆိုနေတာ ရှိပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီ ပေးနေသူတွေရဲ့ လုံခြုံရေးကို အစိုးရက တာဝန်ယူရပါလိမ့်မယ်။ လုံခြုံစိတ်ချရတဲ့ အခြေအနေ တခုအောက်မှာ ဒီလူတွေ အလုပ်လုပ်ကိုင်ခွင့် ရဖို့ လိုပါတယ်။”

အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေကို ပြန်ပြီး နေရာချထားဖို့ အစိုးရက ပျက်ကွက်တာဟာ လူမှု အဝန်းအဝိုင်းထဲကနေ သူတို့ကို ရေရှည် သီးခြား ခွဲထုတ်ထားတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပိုပြီး ကြီးထွားလာစေတယ်လို့ Human Rights Watch အဖွဲ့က ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရေတို ရေရှည် စီမံကိန်းချပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကိုင်တွယ် ဆောင်ရွက်သင့်တယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောပါတယ်။

“ခိုင်မာတဲ့ ခြေလှမ်းတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ရုံးခွဲတခု ဖွင့်လှစ်ခွင့် ပြုဖို့လည်း လိုပါတယ်။ ဒီရုံးကနေ အခြေအနေ
တွေကို ကြီးကြပ် စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ လူမှု အဝန်းအဝိုင်းအတွင်း အချင်းချင်း ပြန်ပြီး သင့်မြတ်အောင် ဒါမှမဟုတ် ဒုက္ခသည်တွေ လူ့အဖွဲ့အစည်းထဲမှာ ပြန်ပြီး ဝင်ရောက်နိုင်အောင် သင့်တင့်လျောက်ပတ်တဲ့ အစီအစဉ်တွေကို ချမှတ်ဆောင်ရွက်တာတွေ လုပ်နိုင်မှာပါ။ ရခိုင်လူမျိုးတွေအနေနဲ့ ရိုဟင်ဂျာတွေကို နေ့ချင်းညချင်း ပြန်လည် လက်ခံပြီး သူတို့ရဲ့ အမုန်းတရားတွေနဲ့ ဒေါသတွေကို ဖျောက်ဖျက်ပစ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီကိစ္စ လက်ငင်း ဖြေရှင်းမှုအပိုင်းမှာ ဥပဒေနဲ့ လုံခြုံရေး စောင့်ကြပ်မှုတွေ လိုအပ်သလို ရေရှည်မှာတော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိဖို့လိုပါတယ်။”

အစိုးရအရာရှိတွေ၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ်တွေ အနေနဲ့လည်း လတ်တလော မြန်မာနိုင်ငံမှာ မူဆလင် ဆန့်ကျင်ရေး စိတ်တွေ ပျံ့န့ှံနေတာနဲ့ ပတ်သက်လို့ ပဋိပက္ခ ကြီးထွားမလာခင်မှာ အခုထက်ပိုပြီး ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်လို့လည်း ဂျွန် စစ်စတန် (John Siston) က ပြောသွားပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က မိတ္ထီလာခရိုင်မှာ စခဲ့တဲ့ ဘာသာရေး ပဋိပက္ခအသွင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ အကြမ်းဖက်မှုတွေဟာ တခြားမြို့နယ်တွေအထိပါ ပျံ့နှံ့ခဲ့တာရှိသလို အခုအခါ ရခိုင်ပြည်နယ်ဘက်မှာလည်း တင်းမာမှုတွေ တဖန် ပြန်လည်ဖြစ်ပေါ်နေပြီး၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး စိတ်တွေ ကြီးထွားအောင် လှုံ့ဆော်နေသူတွေ ရှိနေတဲ့အကြောင်းနဲ့ အကြမ်းဖက် ပဋိပက္ခတွေ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေတဲ့ အကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Burma Campaign UK ကလည်း မနေ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုထားပါတယ်။
XS
SM
MD
LG