သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HRWရဲ့ မြန်မာခရီးစဉ် ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


မြန်မာသမ္မတနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ။ (သတင်းမှတ်တမ်း- သမ္မတရုံး)
မြန်မာသမ္မတနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံ။ (သတင်းမှတ်တမ်း- သမ္မတရုံး)
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေဟာ မြန်မာ သမ္မတအပါအဝင် မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး၊ လက်ရှိ မြန်မာပြုပြင်ပြောင်းလဲရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေကို ထောက်ပြဆွေးနွေး ခဲ့ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံကို ကမ္ဘာက စောင့်ကြည့်နေတဲ့ အချိန်မှာ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ဘယ်လို ဆက်ဆံသလဲ ဆိုတာဟာ မြန်မာနိုင်ငံ အတွက် ဂုဏ်သိက္ခာ ကိစ္စဖြစ်တယ်ဆိုတာကို HRW က ထောက်ပြခဲ့ပါတယ်။ ဒီကနေ့ ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပတဲ့ HRW ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

HRW လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မနေ့တုန်းက နေပြည်တော်မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဒုဝန်ကြီး စတဲ့ အဆင့်မြင့် အစိုးရ တာဝန်ရှိသူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တာပါ။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ HRWကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ( သတင်းမှတ်တမ်း နိုင်ငံတော်သမ္မတရုံး)
မြန်မာသမ္မတဦးသိန်းစိန်နဲ့ HRWကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ( သတင်းမှတ်တမ်း နိုင်ငံတော်သမ္မတရုံး)
မြန်မာနိုင်ငံတွင်းမှာ ပြီးခဲ့တဲ့နှစ်နှစ်ခွဲကျော် ကာလအတွင်း ပြောင်းလဲမှုတွေကြီးကြီးမားမားရှိခဲ့ပြီး၊ ဒီလို အပြောင်းအလဲမှာ အရေးကြီးတဲ့အချိန်ကာလဖြစ်တာမို့ HRW ရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တွေ အကြီးတန်း တာဝန်ရှိသူတွေပါ အတော်များများ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ကြတာဖြစ်တယ်လို့ HRW တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အားပေးထောက်ခံဖို့လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခု အချိန်မှာအဓိကကျတဲ့ မေးခွန်းကတော့ ဒီမိုကရေစီကို တကယ်သွားမလား၊ စစ်အုပ်ချုပ်ရေးတပိုင်း ဒီမိုကရေစီ အတုအယောင်လမ်းကိုသွားမလားဆိုတာပဲဖြစ်တယ်လို့ HRW ရဲ့ အမှုဆောင်ညွန်ကြားရေးမှုး Kenneth Roth က ပြောသွားပါတယ်။

"ဒီတိုင်းပြည်မှာ လက်ရှိအားဖြင့် ရင်ဆိုင်နေရတာတွေထဲက အဓိကကျတဲ့ အချက်ကတော့ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားမှာလား၊ နိုင်ငံရေးနဲ့ စီးပွားရေးလူမှုအဖွဲ့အစည်းတွေကို ပြန်လည်အသစ် ထူထောင်ရာမှာ ပြည်သူလူထုအားလုံး အသံကို တကယ်နားထောင်သွားမှာလား ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးကိုပုံစံအသက်သွင်းပြီး ဒီမိုကရေစီအတုအယောင်ပုံစံမျိုးသွားမှာလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီအတွက် အဖြေမသိရသေးပါဘူး။ ဒါပေမယ့် ဒါဟာ တကယ့်ကို အဓိကကျတဲ့မေးခွန်းဖြစ်ပါတယ်။"

မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးရာမှာတော့ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ ဥပဒေပြင်ဆင်ရေးကိစ္စရပ်တွေကို အတော်ကြီး အလေးပေး ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

"သမ္မတအပါအဝင် လုပ်ခဲ့တဲ့ အစည်းအဝေးတွေ မှာ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စနဲ့ ဥပဒေပြင်ဆင်ရေးတွေကို အလေးပေး ပြောဆိုဆွေးနွေး ပါတယ်။ ၂၀၁၃ ခုနှစ်အကုန်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေလွတ်ရမယ်ဆိုတဲ့ သမတရဲ့ပိုင်းဖြတ် ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အငြင်းပွားစရာ ကိစ္စတွေရှိနေတုန်းပါ။ ကျနော်တို့ ခန့်မှန်းချက် အရ နိုင်ငံရေးအကျဉ်းသား ၃၄ဦးလောက် ကျန်ပါသေးတယ်။ အဲဒီအထဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ဒီဆွေးနွေးချက်ကို သမ္မတကကြိုဆိုပါတယ်။ စာရင်း အသေအချာပြုစု တင်ပြဖို့ ပြောပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့အချက်ကတော့ ဥပဒေပြင်ဆင်ရေးကိစ္စတွေ လုံးဝမပြီးပြတ်သေးတဲ့အခါကျတော့ နိုင်ငံရေးကြောင့် ဖမ်းခံရတာတွေ တရားစွဲဆိုခံနေရတာတွေ ရှိနေတုန်းပါ။ ဒါကြောင့် ဖိနှိပ်တဲ့ဥပဒေတွေရှိနေသေးတဲ့အခါကျတော့ အခုလက်ရှိ နိုင်ငံရေးအရ တရားစွဲဆိုခံနေရာတွေဟာ ပြဿနာဖြစ်နေတယ်ဆိုတာကို သမ္မတကို ဆွေးနွေးပြောခဲ့ပါတယ်။"

ဒါ့အပြင် နယ်စပ်တလျှောက်တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း ဆွေးနွေးပြီးတော့ အဲဒီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ရေးအတွက် အကူအညီပေးရေး အဖွဲ့တွေ လူပုဂ္ဂိုလ်တွေ အဲဒီကို လွတ်လွတ်လပ်လပ် သွားလာနိုင်ရေး ခွင့်ပြုဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နောက်အရေးကြီးတဲ့ကိစ္စရပ်ကတော့ မြန်မာနိုင်ငံ
အနောက်ခြမ်းမှာဖြစ်နေတဲ့ ရိုဟင်ဂျာလူနည်းစုကိစ္စတွေလို့ ထောက်ပြပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာကိစ္စရပ်ဖြစ်တယ်လို့ HRW အမှုဆောင်ညွန်ကြားရေးမှုး Kenneth Roth က ပြောသွားပါတယ်။

"မြန်မာနိုင်ငံကို ကမ္ဘာက စောင့်ကြည့်နေတဲ့အချိန်မှာပဲ ဒီကနေ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာထိခိုက်စေမယ့် မြင်သာတဲ့အကြောင်းရပ်ကတော့ ရိုဟင်ဂျာတွေကို ဘယ်လို ဆက်ဆံသလဲဆိုတာပါ။ မြန်မာလူမျိုးတွေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြုပြင်ပြောင်းလဲရေးအောင်မြင်ဖို့ ကိစ္စမှာ၊ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ဘယ်လို ဆက်ဆံသလဲဆိုတာမှာ အတော်ကြီးတည်နေပါတယ်။ နိုင်ငံရေးနဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးတွေပြောရာ မှာ ရိုဟင်ဂျာတွေကို ဆက်ဆံ ကိုင်တွယ်တဲ့ အပိုင်း တိုးတက်ကောင်းမွန် လာဖို့နဲ့ နိုင်ငံသားအခွင့်အရေးကို အသိအမှတ်ပြုဖို့ဆိုတာတွေ အရေးတကြီးလိုအပ်ချက်တွေဖြစ်ပါတယ်။"

မြန်မာနိုင်ငံ အနောက်ခြမ်းက လူမျိုးရေး အကြမ်းဖက်မှုတွေကို ဆွေးနွေးရာ မှာတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကိုပါ မြန်မာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်သား ဘယ်သူမဆိုကို အကာအကွယ်ပေးရမယ်ဆိုတာကို အစိုးရဖက်က လက်ခံတာဟာ အနည်းဆုံးတော့ ကျေနပ်စရာဖြစ်စေ တယ်လို့လည်း ပြောသွားပါတယ်။

"အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှုတွေအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘယ်သူ့ကိုမဆိုအကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို သူတို့လက်ခံကြပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည်မှုအဖွဲ့က ရရှိတဲ့သတင်းအချက်အလက်အတော်များများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုတွေမှာ ဝင်ရောက်ဟန့်တားတာမျိုးမရှိပဲ လက်ပိုက်ကြည့်နေတယ်၊ အချို့ဆိုရင် ပါဝင်ပတ်သက်တယ်ဆိုတာတွေရှိပါတယ်။ ဒါပေမယ့်လည်း ဆိုးဝါးတဲ့အခြေအနေအောက်မှာရှိတဲ့လူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုဟာ အနည်းဆုံးတော့ လက်ခံကျေနပ်စရာပါ။"

လူမျိုးရေး ဘာသာရေးအရ အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှုတွေ တိုးများနေတာတွေ့ရပြီးတော့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာသမ္မတနဲ့တွေ့ဆုံ စဉ်မှာ ဆွေးနွေးခဲ့တယ်လို့ HRW က ပြောပါတယ်။ ဒါတွေဟာ အကြမ်းဖက်မှုတွေအတွက် လှုံဆော်ချက်တွေဖြစ်နေတယ်လို့ထောက်ပြါတယ်။ တဖက်မှာလည်း လွတ်လပ်စွာပြောဆိုခွင့်နဲ့ အမုန်းတရား ရေးသားပြောဆိုမှုတွေ ကွာခြားမှုရှိတာကိုလည်း ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲပတ်သက်လို့လည်း ဖွဲ့စည်းပုံမှာ စစ်တပ်ကို ကင်းလွတ်ခွင့်ပေးထားတဲ့အချက်တွေ၊ လွှတ်တော်ထဲမှာ နေရာပေးထား တာတွေဟာ အရင် ချီလီအာဏာရှင် ပီနိုချေးလုပ်ခဲ့တဲ့ပုံစံနဲ့တူပြီး ပီနိုချေးအမှားတွေထပ်မလုပ်မိဖို့ လိုတယ်လို့ HRW က ထောက်ပြခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား လာရောက်စဉ် တုန်းက မြန်မာသမ္မတဦးသိန်းစိန်က ဂတိပေးခဲ့တဲ့အတိုင်း OHCHR လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရန်ကုန်မှာ ရုံးဖွင့်ဖို့ကိစ္စကိုလည်း နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ ထပ်မံ အသိပေး တိုက်တွန်းခဲ့တယ်လို့ HRW က ပြောဆိုပါတယ်။

နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ ဟာဆိုရင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့
တောက်လျှောက် ဆိုသလို စောင့်ကြည့် ဝေဖန်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်ဖြစ်ပါတယ်။
XS
SM
MD
LG